ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်နဲ့ ပတ်သက်ပြီး ဝေဖန်ထုတ်ဖော်ရေးသားခဲ့တဲ့ ဒေါက်တာစိုးသူရဇော်ကို မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးစစ်ဆေးနေတဲ့ကိစ္စကို ဆရာဝန်အသိုင်းအဝိုင်းက စတင်ကန့်ကွက်မှုတွေပြုလုပ်နေပါတယ်။
Photo - Lucy Ahrmarn Facebook
မိုးကုတ်မြို့နယ်က သွားကျန်းမာရေး ဦးစီးအရာရှိ ဒေါက်တာ စိုးသူရဇော်က ပြီးခဲ့တဲ့ အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလထဲမှာ ဇီးပင်ကြီး စစ်တမ်း အပိုင်း တစ်၊ နှစ်၊ သုံး Facebook မှာရေးသားခဲ့လို့ စုံစမ်းစစ်ဆေးခံနေရတာကို မကျေနပ်တဲ့အတွက် ဆရာဝန်တွေက စပြီး ဒေါက်တာစိုးသူရဇော်ကို ထောက်ခံကြောင်းလက်မှတ်တွေစုဆောင်းနေကြပါတယ်။
Photo - Soe Thuya Zaw Facebook
အဲ့ဒီလိုစာတွေရေးသားမှုကြောင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ ညွှန်ကြားစာအရ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးနေပါတယ်။ ဦးစီးဌာနရဲ့ စွပ်စွဲချက်တွေအပေါ် ဒီဇင်ဘာ ၂၀ ရက် နောက်ဆုံးထားပြီး စာနဲ့ရှင်းလင်းချေပဖို့ အကြောင်းထားလို့ ချေပစာ ပေးပို့ပြီးပြီ ဖြစ်ပါတယ်။
"ကျွန်တော်တို့ကိုယ်တိုင်လည်း အဲ့ဒီမှာတက်တုန်းက ဒါတွေကြုံတွေ့ခဲ့ရတယ်။ ဒါတွေက အမှန်တရားတွေပဲ။ ဒီအတွက်ကြောင့် ဒေါက်တာစိုးသူရဇော်ကို ထောက်ခံတဲ့လက်မှတ်တွေ ကောက်နေကြပါတယ်။ လောလောဆယ် ၅၀၀ လောက်တော့ ရထားပြီးပါပြီ။" လို့ လှုပ်ရှားမှုပြုလုပ်နေတဲ့ ဒေါက်တာ မင်းမောင် က Duwun ကို ပြောပါတယ်။
ဒီလှုပ်ရှားမှုကို ဒီဇင်ဘာ ၂၁ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ထာက်ခံချက်တွေကို နိုင်ငံတော် သမ္မတနဲ့ လူ့အခွင့်အရေးကော်မရှင်ဆီကို ပေးပို့သွားမယ်လို့လည်းသူကပြောပါတယ်။
ယခင်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲ့ထွဋ်ကလည်း ဒေါက်တာ စိုးသူရဇော်ရေးသားတဲ့ အချက်တွေကို ထောက်ခံကြောင်းနဲ့ ဦးသိန်းစိန်အစိုးရလက်ထက်က ဒါတွေကိုပြုပြင်ဖို့ လုပ်ခဲ့သေးတယ်လို့ သူ့ရဲ့Facebook အကောင့်ကနေရေးသားထားပါတယ်။