သူထူးစံက အိမ်ထောင်ရေးတစ်ခု ထူထောင်လိုက်ခြင်းကြောင့် ဇနီးဖြစ်သူအပေါ် တာဝန်ကျေဖို့ လိုအပ်လာပြီလို့ ဆိုပါတယ်။ သူ့ရဲ့ ဇနီးချော ထိုက်ဆုဝင်းကလည်း သူထူးစံရဲ့ ခပ်တည်တည်နေတတ်တဲ့ ပင်ကိုယ်ပုံစံအကြောင်းကို ပြောပြလာပါသေးတယ်။
ဒီရက်ပိုင်းအတွင်းမှာပဲ ပူပူနွေးနွေး အိမ်ထောင်ကျသွားတဲ့ သရုပ်ဆောင် သူထူးစံက အိမ်ထောင်တစ်ခု ထူထောင်လိုက်ပြီ ဖြစ်တာကြောင့် ဇနီးအပေါ် တာဝန်ကျေဖို့လိုပြီလို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။ သူကိုယ်တိုင် စီစဉ်ထားတာလေးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
‘’ ကိုယ့်ဘာသာကိုယ် ဘယ်လိုလုပ်ရမယ်ဆိုတာတော့ Plan လေး နည်းနည်းပါးပါးတော့ ရှိတာပေါ့နော်။ ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုး၊ ကိုယ်နဲ့ ပတ်သက်တဲ့သူတွေ၊ ပြီးတော့ ကိုယ့်အနုပညာသမားတွေ ကြားထဲမှာတော့ တာဝန်ကျေအောင်နေတယ်။ သူတို့တွေနဲ့ ပတ်သက်ပြီးတော့လည်း ကိုယ်ကိုယ်တိုင် တာဝန်ကျေတယ်လို့ ယူဆတယ်။ အခုကတော့ သူ့အပေါ်မှာပဲ တာဝန်ကျေဖို့လိုအပ်ပါတော့တယ်’’လို့ သူကဆိုပါတယ်။
ရိုးရိုးအေးအေး နေတတ်တဲ့ သူထူးစံရဲ့ ပုံစံကိုလည်း ဇနီးဖြစ်သူ ထိုက်ဆုဝင်းက ပြောပြလာပါတယ်။ ခပ်တည်တည် နေတာက ပိုများတယ်လို့ ဆိုပါတယ်။
‘’ အစ်ကိုက ခပ်တည်တည်ပဲ ရယ်ခိုင်းလို့လည်း မရဘူး။ မင်္ဂလာပွဲမှာတောင် ရယ်ခိုင်းလို့မရဘူး။ တစ်တွတ်တွတ် ပြောရတယ်။ ဒါကလည်း သူ့စတိုင်လ်ဖြစ်နေတယ်လို့ ပြောလို့ရတာပေါ့နော်။ ကိုယ့်အချင်းချင်းကတော့ ပြောဖြစ်တယ်။ ရယ်စရာရှိရင် ရယ်တယ်။ တည်စရာရှိလည်း တည်တယ်။ အစ်ကို့ ပုံစံအတိုင်းပဲ သွားတာပါ’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။
သူထူးစံနဲ့ ထိုက်ဆုဝင်းတို့ဟာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ က နိုဗိုတယ် ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲပုံစံကို မြန်မာရိုးရာ မင်္ဂလာပွဲလို့ သတ်မှတ်ထားတာဖြစ်ပြီး ရတနာပုံခေတ် က အတိုင်း မင်္ဂလာဆောင်ခဲ့ကြတာပါ။ ဒီပွဲမှာတော့ သရုပ်ဆောင် ဟိန်းဝေယံက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပြီး သရုပ်ဆောင် ယွန်းယွန်း၊ မေမြင့်မိုရ် နဲ့ ဝင့်ယမုံလှိုင်တို့က မင်္ဂလာ လက်ကိုင်ပန်းများ၊ မင်္ဂလာလက်စွပ်များ ကိုလည်း ကိုင်ဆောင်ပေးခဲ့ကြတာကို တွေ့ရပါတယ်။
အဲဒီနောက် သူတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာဦးဆွမ်းကပ်အလှူကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ(၉) ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တာပါ။ မနက်ကပိုင်းမှာ ငွေတောင်တောရ စာသင်တိုက်မှာ နှစ်ဖက်မိဘများနဲ့အတူ မင်္ဂလာဦး ဆွမ်းကပ်ခဲ့သလို ညနေပိုင်းမှာလည်း မဟာဗောဓိကျောင်းတိုက်၊ ပရဟိတ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ မင်္ဂလာဦးအလှူပြုလုပ်ခဲ့ကြပါတယ်။