ရွှေမှုန်ရတီက ဘုရား၊ တရား မလုပ်တာကြာပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူ ရွှေထူးကို ဘုရား၊ တရားပြန်လုပ်ဖို့အတွက် သင်ပေးတယ်လို့ ရွှေထူးက ပြောပါတယ်။
Photo: ရွှေထူးဖေ့စ်ဘွတ်
ရွှေထူးကို ချစ်ဇနီးချောလေး ရွှေမှုန်ရတီက ဘုရား၊တရား လုပ်တတ်ဖို့ သင်ပေးတယ်ဆိုတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ ဂုဏ်တော်ကိုးပါးနဲ့အတူ တစ်လောကလုံးကို ဆုတောင်း မေတ္တာပို့ပေးနေတယ်လို့ ဆိုပါတယ်။
‘’ဘုရားတရားမလုပ်တာကြာပြီဖြစ်သောကျွန်တော်.. သူမသင်ပေးထားတဲ့အတိုင်း မျက်နှာသစ်တိုင်း သရဏဂုဏ်သုံးပါးနဲ့ ကိုယ့်ကိုယ်ကိုယ် မေတ္တာပို့တယ်။ သွားတိုက်တိုင်း ဂုဏ်တော်ကိုးပါးနဲ့ တစ်လောကလုံးကို မေတ္တာပို့တယ်။ ကျွန်တော်ပို့သသောမေတ္တာကြောင့် လူသားအားလုံး ရေလိုအေး... ပန်းလိုလန်း ကြပါစေ။ ကောင်းသောနေ့ပါ’’ ဆိုပြီးတော့ ဇန်နဝါရီလ ၁၅ ရက်နေ့ မနက် ၁၀ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ချစ်ဇနီးလေးကို အရိပ်တကြည့်ကြည့်နဲ့ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးနေတဲ့ ရွှေထူးကိုလည်း ပရိသတ်တွေက အားကျလို့နေပါတယ်။ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးက ပရိသတ်တွေ အားကျရလောက်တဲ့အထိကို ကြည်နူးဖို့ ကောင်းလှပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ လက်ရှိမှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေကြပါပြီ။ ရွှေမှုံရတီလည်း ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေပြီ ဖြစ်ပါတယ်။
သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူး ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရတီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။
သူတို့နှစ်ယောက်စလုံးဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ကနေစပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။