အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ်မှာ ဆေးဘက်အကူဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်သူအမျိုးသားတစ်ဦးအား ဇနီးဖြစ်သူကို မျက်စဥ်းဆေးရည်သုံးပြီး သတ်မှုဖြင့် ဖမ်းဆီးစွဲချက်တင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
(ဂျို့စ်ဟွာနဲ့ စတေဆီ ဟွန်ဆက်ကာစုံတွဲ) (Photo: Shelby Star)
အသက် ၃၅ နှစ်အရွယ် ဂျို့စ်ဟွာလီဟွန်ဆက်ကာကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့က အသက် ၂၃ နှစ်အရွယ် စတေဆီရော်ဘင်ဆန်ဟွန်ဆက်ကာအား သတ်မှုဖြင့် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ၎င်းကို ပထမဒီဂရီ လူသတ်မှုဖြင့် စွဲချက်တင်ထားပါတယ်။ ထိုအမှုနဲ့ပတ်သက်ပြီး သောကြာနေ့ (ဒီဇင်ဘာ ၂၀ ရက်) နေ့က ကနဦး ကြားနာစစ်ဆေးခဲ့ပါတယ်။
သေဆုံးသူ စတေဆီရဲ့အလောင်းကို စစ်ဆေးခဲ့ရာ မျက်စဥ်းဆေးမှာတွေ့ရတဲ့ ပါဝင်ပစ္စည်းတစ်မျိုး သံသယဖြစ်ဖွယ်ပမာဏ ပါရှိနေခဲ့ကြောင်း ရှေ့နေတွေက ပြောပါတယ်။ အဆိုပါ ပါဝင်ပစ္စည်းကို ပမာဏအများအပြား မျိုချမိပါက နှလုံးရပ်သွားစေနိုင်ကြောင်း Charlotte မြို့အခြေစိုက် NBC ရဲ့ မိတ်ဖက်သတင်းဌာန WCNC က ဖော်ပြပါတယ်။
(ဂျို့စ်ဟွာဟွန်ဆက်ကာ) (Photo: Gaston County Sheriff's Office)
သေဆုံးသူ စတေဆီရဲ့သွေးအတွင်း မျက်စဥ်းဆေးရည်မှာတွေ့ရတဲ့ ဓာတုပစ္စည်းတစ်မျိုးကို စစ်ဆေးတွေ့ရှိရပြီးနောက် စုံထောက်တွေက ဂျို့စ်ဟွာလီဟွန်ဆက်ကာကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း မြောက်ကာရိုလိုင်းနား အာမခံဌာန (North Carolina Department of Insurance) ရဲ့ ရှေ့နေ ဂျော်ဒန်ဂရင်းက ပြောခဲ့ပါတယ်။
ဂျို့စ်လီဟွန်ဆက်ကာကို ဖမ်းဆီးရန်အတွက် စုံထောက်တွေကို လုံလောက်တဲ့ အချက်အလက်များ ပေးအပ်ခဲ့ကြောင်းလည်း ဂျော်ဒန်ဂရင်းကပြောကြောင်း WCNC က ဖော်ပြပါတယ်။ ယခုအမှုနဲ့ ပတ်သက်ပြီး ဂျို့စ်ဟွာလီဟွန်ဆက်ကာရဲ့ ရှေ့နေ ဒေးဗစ်တက်ဒီကို NBC News က မေးမြန်းရာမှာတော့ တစ်စုံတစ်ရာ မှတ်ချက်မပေးခဲ့ဘူးလို့ ဆိုပါတယ်။
(တရားခွင်မှာတွေ့ရသည့် ဂျို့စ်ဟွာဟွန်ဆက်ကာ) (Photo: Mike Hensdill/The Gaston Gazette)
ယခုအမှုကို တရားခံဘက်မှ ရှေ့နေအဖြစ် အစွမ်းကုန် ခုခံချေပသွားမယ်လို့ ရှေ့နေတက်ဒီ ဒီဇင်ဘာ ၂၀ ရက်နေ့ တရားရုံးကြားနာမှုမှာ ပြောသွားခဲ့ပါတယ်။ ၎င်းရဲ့အမှုသည်ဟာ Atrium Health ဆေးရုံရဲ့ ဆေးဘက်အကူအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပြစ်မှုမှတ်တမ်းမရှိကြောင်းလည်း တက်ဒီကဆိုပါတယ်။
မြောက်ကာရိုလိုင်းနား အာမခံရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဘယ်ရီဝှိုက်ရဲ့ အဆိုအရ စတေဆီသေဆုံးမှုအတွက် အသက်အာမခံကြေး အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ပြန်ရနိုင်တယ်လို့လည်း သိရပါတယ်။ စတေဆီရဲ့မိခင်က သမီးဖြစ်သူ သေဆုံးမှုအပေါ် သံသယရှိခဲ့တယ်လို့ ဆိုပါတယ်။
ယခုအခါ လူသတ်မှုဖြင့် စွဲချက်တင်ခံရတဲ့ ဂျို့စ်ဟွာလီဟွန်ဆက်ကာက ဇနီးဖြစ်သူရဲ့အလောင်းကို သေဆုံးပြီးနောက် အစောပိုင်းမှာ စစ်ဆေးရန်ခွင့်မပြုခဲ့ကြောင်း Shelby Star သတင်းက ဖော်ပြပါတယ်။ သေဆုံးသူ စတေဆီဟာ ကလေးနှစ်ဦးရဲ့ မိခင်ဖြစ်ပြီး Charlotte မြို့ရှိ မူကြိုကျောင်းတစ်ကျောင်းမှာ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။
သူမ သေဆုံးခဲ့ပြီးနောက်ပိုင်းအသက်အာမခံကြေးငွေ လိမ်လည်တောင်းခံမှု စွပ်စွဲချက်အပေါ် စုံစမ်းစစ်ဆေးမှုတွေကို ယခုနှစ် မေလအတွင်း စတင်လုပ်ဆောင်ခဲ့ကြောင်း ပြည်နယ်အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာ ဇနီးသည်ကို မျက်စဥ်းဆေးရည်သုံးပြီး သတ်ခဲ့မှုဖြင့် ဖမ်းဆီးစွဲချက်တင်ခံထားရတဲ့ ဂျို့စ်ဟွာလီဟွန်ဆက်ကာကို ဂက်စ်တန်ကောင်တီ အကျဥ်းထောင်မှာ ထိန်းသိမ်းထားကြောင်း သိရပါတယ်။