ဇနီးဖြစ်သူကို မြွေဟောက်လွှတ် ကိုက်ခိုင်းပြီး သတ်ဖြတ်ခဲ့တဲ့ အိန္ဒိယအမျိုးသားတစ်ဦးကို ထောင်ဒဏ်တစ်သက် နှစ်ကြိမ်ကျခံစေရန် ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။
(Photo: TheNewsMinutes)
ဆူးရက်ဂျ်ကူးမား အမည်ရှိ အမျိုးသားကို ယမန်နှစ်အတွင်း ၎င်းရဲ့ဇနီး အူသရာ မြွေကိုက်ခံရမှုကြောင့် သေဆုံးခဲ့ပြီးနောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ကူးမားကို ချမှတ်လိုက်တဲ့ ထောင်ဒဏ်တစ်သက် နှစ်ကြိမ်ကျခံစေရန် ပြစ်ဒဏ်ဟာ ရှားရှားပါးပါး ချမှတ်တဲ့ပြစ်ဒဏ်ဖြစ်တယ်လို့ ဆိုပါတယ်။ အူသရာ မြွေကိုက်ခံရပြီး သေဆုံးမှုဟာ သွေးရိုးသားရိုးမဟုတ်ဘဲ လူသတ်မှုဖြစ်ကြောင်း သူမရဲ့မိသားစုက စွပ်စွဲခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ထိုဖြစ်ရပ်ကို စတင်စုံစမ်းစစ်ဆေးခဲ့ပါတယ်။
ကူးမားဟာ သတို့သမီးဘက်ကပေးရတဲ့ မင်္ဂလာခန်းဝင်ပစ္စည်းအတွက် ၎င်းတို့ကို တိုက်ခိုက်ပြောဆိုမှုတွေရှိခဲ့ကြောင်း အူသရာရဲ့မိသားစုက ပြောပါတယ်။ တနင်္လာနေ့ (အောက်တိုဘာာ ၁၁ ရက်) မှာတော့ အိန္ဒိယတရားရုံးတစ်ရုံးက ထိုအမှုမှာ ကူးမားက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
(အူသရာ မြွေကိုက်ခံရပြီး သေဆုံးခဲ့သည့် အိပ်ခန်း) (Photo: Sreedharlal)
ကူးမားက ၎င်းရဲ့ဇနီး အိပ်ပျော်နေစဥ် အိပ်ရာပေါ်သို့ မြွေဟောက်တစ်ကောင်ကို လွှတ်ပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၂၅ နှစ်အရွယ် အူသရာကို ယမန်နှစ် မေလအတွင်းက ကီရာလာပြည်နယ်ရှိ သူမရဲ့အိမ်မှာ သေဆုံးလျက်သား တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ အူသရာ သေဆုံးမှုနဲ့ ပတ်သက်ပြီး သူမရဲ့မိသားစုက သံသယဖြစ်ခဲ့ကြပါတယ်။
အူသရာဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်များအကြာမှာလည်း အဆိပ်ရှိမြွေတစ်ကောင် (Russell's viper) အကိုက်ခံခဲ့ရဖူးပါတယ်။ ပထမအကြိမ် မြွေကိုက်ခံရမှုကနေ နာလန်ထလာချိန်မှာ နောက်တစ်ကြိမ် မြွေအကိုက်ခံရမှုအပေါ် မိသားစုက သံသယဖြစ်ခဲ့ကြပါတယ်။
(Photo: NDTV)
ထို့နောက် စုံစမ်းစစ်ဆေးမှုအရ ကူးမားဟာ အူသရာ မြွေကိုက်ခံတဲ့ဖြစ်ရပ် နှစ်ခုလုံးကို စီစဥ်ခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အိန္ဒိယ ဥပဆေိုင်ရာဝက်ဘ်ဆိုက် LiveLaw ရဲ့ အဆိုအရ ရဲတပ်ဖွဲ့က ထိုအမှုနဲ့ပတ်သက်ပြီး ကူးမားက အသေးစိတ် ကြံစည်ခဲ့မှုနဲ့ အကောင်အထည်ဖော်ခဲ့မှုတို့ကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတဲ့ စာမျက်နှာ ၁,၀၀၀ ပါ အမှုတွဲစာရွက်စာတမ်းနဲ့အတူ စွဲချက်တင်ခဲ့တယ်လို့ သိရပါတယ်။
ယခုအမှုဟာ ရှားပါးတဲ့အမှုတွေအနက်မှ အရှားပါးဆုံးအမှုဖြစ်ကြောင်းနဲ့ သေဒဏ်ချမှတ်ရန် တရားရုံးကို တောင်းဆိုခဲ့ပါတယ်။ တရားသူကြီးက ရှားပါးတဲ့အမှုတစ်ခုဖြစ်ကြောင်း လက်ခံသဘောတူခဲ့ကာ ကူးမားကို ထောင်ဒဏ်တစ်သက် နှစ်ကြိမ်ကျခံစေရန် ပြစ်ဒဏ်ချမှတ်လိုက်ပြီး ငွေဒဏ်အဖြစ် ရူပီး ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆,၆၃၆) ပေးဆောင်ရန်လည်း အမိန့်ချလိုက်ကြောင်း သိရပါတယ်။