ပြင်သစ်မှာမပျော်မရွှင်ဖြစ်နေတဲ့ ဇနီးသည်ကြောင့် မက်ဆီတယောက် ဘာစီလိုနာကို အံ့အားသင့်ဖွယ်ပြန်ရောက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပါတယ်။ အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးဟာ ဒီရာသီကမှ နူးကမ့်ကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းသစ်မှာတော့ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဘာစီလိုနာမှာ ကာလရှည်နေထိုင်လာခဲ့တဲ့ ဇနီးဖြစ်သူ အန်တွန်နီလာရိုကူဇိုက သူမပြင်သစ်မှာမပျော်ရွှင်တဲ့အကြောင်း မက်ဆီကို ပြောဆိုခဲ့တယ်လို့ သိရပြီး ဒါဟာ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ဖို့ ဖိအားတခုဖြစ်လာနိုင်ကြောင်း El Nacional သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒီသတင်းတွေ ထွက်ပေါ်လာပြီး သိပ်မကြာခင်မှာပဲ ပြင်သစ်သတင်းဌာနတွေက ဒီလိုဖြစ်လာစရာအကြောင်းမရှိဘူးလို့ ရေးသားတုံ့ပြန်ခဲ့ပါတယ်။
ဇနီးသည်နဲ့အတူ ကလေး ၃ ဦးဟာ ပြင်သစ်မှာ နေထိုင်ရခက်ခဲနေပြီး ဘာစီလိုနာက သူငယ်ချင်းတွေကို လွမ်းဆွတ်နေတယ်လို့လည်း သိရပါတယ်။ ကတ်တလန်က လူနေမှုဘ၀နဲ့ ရာသီဥတုကို ဇနီးသည်က လွမ်းဆွတ်နေကာ တဖက်မှာလည်း မက်ဆီရဲ့ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဇာဗီနဲ့ အဲဗက်စ်တို့ကလည်း မက်ဆီ ပြန်လာနိုင်ဖို့အတွက် ကြိုးစားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
မက်ဆီနဲ့ ပီအက်စ်ဂျီတို့ဟာ ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး ပြင်သစ်ကလပ်ဘက်ကတော့ သူတို့ကစားသမားကို အလွယ်တကူထွက်ခွာခွင့်ပေးမှာမဟုတ်တာတော့ သေချာပါတယ်။ မက်ဆီအတွက် ပြောင်းရွှေ့ကြေးအသုံးမပြုခဲ့ရပေမယ့် လုပ်ခလစာကို အများအပြားအသုံးပြုထားရတာဖြစ်ပြီး အသင်းပုံရိပ်ကလည်း ပိုမိုကြီးမားလာခဲ့လို့ တရာသီသာကစားပြီး အသင်းကနေပြန်လည်ထွက်ခွာဖို့က လွယ်ကူမှာတော့မဟုတ်ဘူးလို့လည်း သုံးသပ်နေကြပါတယ်။