နယူးကာဆယ်ကွင်းလယ်လူဘရူနိုဂွီမာရေ့စ်က စပါးနဲ့ကစားရမယ့်ပွဲမတိုင်ခင်မှာ သူ ၂ ရက်တိတိ မအိပ်ခဲ့ရဘူးလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ ဂွီမာရေ့စ်ကတော့ ပထမဆုံးအကြိမ်အဖြစ် ဖခင်တဦးဘ၀ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး စပါးနဲ့ပွဲမတိုင်ခင် ရက်အနည်းငယ်အလိုမှာ သားဖြစ်သူ မက်တီယိုကို မွေးဖွားခဲ့တာလည်းဖြစ်ပါတယ်။ စပါးကိုလည်း ကာဆယ်က အနိုင်ရခဲ့ပြီး ဂွီမာရေ့စ်အတွက် ပြီးပြည့်စုံတဲ့ ရက်သတ္တပတ်ဖြစ်ခဲ့ရပါတယ်။
ပွဲအပြီးမှာ ဂွီမာရေ့စ်က Sky Sports က တဆင့် "ကျနော့်အတွက် အံ့အားသင့်စရာကောင်းတဲ့ နေ့ရက်အချို့ပါပဲ၊ ပထမဆုံးအကြိမ် ဖခင်တယောက်ဖြစ်လာခဲ့ရတာက အံ့မခန်းပါပဲ၊ ပြီးတော့ ကျနော် ၂ ရက်လောက် မအိပ်ခဲ့ရဘူး၊ ဒီကောင်တွေကို (အသင်းဖော်) ကျနော်ချစ်တယ်၊ ကျနော်အိမ်မှာပဲ နေပြီး အနားယူခဲ့လို့ရပါတယ်၊ ဒါပေမယ့် ဒီပွဲကို ကစားဖို့က ကျနော့်ဘာသာဆုံးဖြတ်ခဲ့တာပါ"
"ကျနော် ဒီမှာရှိနေချင်တယ်၊ အသင်းဖော်တွေက ကျနော့်ကို ပျော်ရွှင်စေခဲ့ပါတယ်၊ ဂုဏ်ယူစေခဲ့ပါတယ်၊ ကျနော်တို့က အရာအားလုံးနဲ့ ထိုက်တန်တယ်လို့ ခံစားရပါတယ်၊ ခက်ခဲတဲ့ နေ့ရက်တွေကို ကျနော်ရင်ဆိုင်ခဲ့ရပေမယ့်လည်း ကျနော့်ဘ၀ရဲ့ အကောင်းဆုံးနေ့ရက်တွေထဲက တခုပါ၊ အရမ်းပျော်ရွှင်ပြီး ဂုဏ်ယူပါတယ်၊ ဘ၀မှာ အရာအားလုံးက အိပ်မက်တခုလို ဖြစ်လာခဲ့ပါပြီ" လို့ ပြောဆိုခဲ့ပါတယ်။
နယူးကာဆယ်ကတော့ ဒီပွဲကို အနိုင်ရခဲ့တာကြောင့် အဆင့် ၄ နေရာအထိက တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်တနေရာအတွက်ကိုပါ မျှော်လင့်နိုင်နေပြီဖြစ်ပြီး အဆင့် ၃ နေရာက စပါးနဲ့ ၂ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။ ဂွီမာရေ့စ်ကတော့ နယူးကာဆယ်ကို ရောက်လာပြီးကတည်းက ခြေစွမ်းပြနေကာ အသင်းရဲ့ အဓိကကစားသမားအဖြစ် ရှိနေခဲ့သူဖြစ်ပါတယ်။