ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့အစည်း(PFA)က ပရိသတ်တွေကို မဲစနစ်ဖြင့် ရွေးချယ်စေခဲ့ရာမှာတော့ ဆန်ကာတင် ၆ ဦးမှာ ဆာလာက ရရှိခဲ့တာပါ။
ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့အစည်းက ပရိသတ်တွေကို မဲစနစ်ဖြင့် ရွေးချယ်စေခဲ့တဲ့ ဇန်နဝါရီလ တစ်လတာအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကိုတော့ လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလာက ဆွတ်ခူးရရှိခဲ့ပါတယ်။
တစ်လတာအကောင်းဆုံးဆုအတွက် ဆန်ကာတင်စာရင်း ၆ ဦးထွက်ပေါ်ခဲ့ပြီး မန်ယူဂိုးသမား ဒီဂီယာ၊ ကွင်းလယ်လူ ပေါ့ဂ်ဘာနဲ့ တိုက်စစ်မှူးရက်ရှ်ဖို့တို့ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးမှ ဆာနေး၊ ဝက်ဖို့ဒ်မှ ဒီနီးနဲ့ ဆာလာတို့ ပါဝင်ခဲ့တာပါ။
ဆာလာကတော့ ဇန်နဝါရီလအတွင်း လီဗာပူးအတွက် ၄ ပွဲပါဝင်ကစားခဲ့ပြီး ၃ ဂိုးအထိသွင်းယူကာ အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်တာပါ။ ဒီဆုကိုတော့ ဆာလာအနေနဲ့ ဒီနှစ်မှာ ဒုတိယအကြိမ်ရရှိခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာလအတွက် အကောင်းဆုံးဆုကိုလည်း ရရှိခဲ့ပါသေးတယ်။
လီဗာပူးအသင်းကတော့ အခုလာမယ့် ဖေဖော်ဝါရီလထဲမှာ ပထမဆုံးပွဲအဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ဒီကနေ့ညမှာ ပရီးမီးယားလိဂ်ပွဲအဖြစ် ကစားဖို့ရှိပါတယ်။ ဒီပွဲမှာ အနိုင်ရခဲ့ရင်တော့ ဒုတိယနေရာမှ မန်စီးတီးကို ၅ မှတ်ဖြတ်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။