ဇန်နဝါရီလ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းကို ကြေညာခဲ့ရာမှာ မန်ချက်စတာယူနိုက်တက်အသင်းက ကစားသမား (၂)ဦး ပါဝင်ခဲ့ပြီး စုစုပေါင်း ကစားသမား (၆)ဦးအထိ ရှိနေခဲ့ပါတယ်။ တစ်လတာအတွင်း သက်ဆိုင်ရာအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေသူတွေကို ရွေးချယ်ပြီး ဆန်ခါတင်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား၊ ဘန်လေနည်းပြ ဒိုက်ချီ နဲ့ ဆောက်သမ်တန်နည်းပြ ဟာဆန်ဟူတယ်လ်တို့ ပါဝင်နေခဲ့ပါတယ်။ ဆိုးလ်ရှား နဲ့ ဟူတယ်လ်တို့ကတော့ နည်းပြသစ်တွေအဖြစ်နဲ့ ပါဝင်လာခဲ့တာဖြစ်ပြီး အသင်းကို အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့လို့ အခုလို ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဆိုးလ်ရှားလက်ထက်မှာ ခြေစွမ်းပြနေခဲ့တဲ့ တိုက်စစ်မှူး မားကပ်စ်ရက်ဖို့ဒ်က ဒီဇင်ဘာလရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့ပြီး ဇန်နဝါရီလမှာလည်း ဆက်လက်ပါဝင်ခဲ့တာဖြစ်ပါတယ်။ ရက်ဖို့ဒ်ဟာ ဇန်နဝါရီလအတွင်း ယူနိုက်တက်အတွက် (၄)ပွဲကစားခဲ့ရာမှာ (၃)ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းတွေ ပြသနေခဲ့လို့ ရွေးချယ်ခံထားခဲ့ရတာ ဖြစ်ပါတယ်။
ယူနိုက်တက်ကနေ နောက်ထပ် ရွေးချယ်ခံရတဲ့ ကစားသမားကတော့ နောက်ခံလူ လင်ဒီလော့ဖ်ဖြစ်ပါတယ်။ လင်ဒီလော့ဖ်ဟာ ဇန်နဝါရီကာလအတွင်းမှာ အသင်းအတွက် (၂)ပွဲထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘန်လေနဲ့ ကစားခဲ့တဲ့ ပွဲမှာလည်း အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို နာကျင်အချိန်ပိုမှာ ရှေ့တန်းအထိ လိုက်ပါပြီး သွင်းယူပေးခဲ့ကာ ခြေစွမ်းပြခဲ့ပါတယ်။
နောက်ထပ်ရွေးချယ်ခံထားရတဲ့ ကစားသမားကတော့ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်ဖြစ်ပါတယ်။ လာကာဇက်ဟာ ချယ်လ်ဆီးနဲ့ပွဲမှာ အာဆင်နယ်အတွက် အထူးခြေစွမ်းပြခဲ့ပြီး ဇန်နဝါရီလအတွင်းမှာ (၃)ဂိုးအထိ အီးမရိတ်စ်ကလပ်အတွက် သွင်းယူပေးနိုင်ခဲ့ပါတယ်။ လာကာဇက်ရဲ့ ဂိုးသွင်းခြေစွမ်းထက်မြက်နေမှုက တစ်လတာအကောင်းဆုံးကစားသမားစာရင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးကို (၄)ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘုန်းမောက်အတွက် (၂)ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဂျိုရှူအာကင်းလည်း ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ကင်းက နှစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး ဇန်နဝါရီကာလတွင်း ကစားပေးခဲ့တဲ့ နောက်ဆုံး (၂)ပွဲမှာ (၃)ဂိုးအထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းရဲ့ ကွင်းလယ်သမား ဂျိမ်းဝက်ဒ်ပရောက်စ်ဟာလည်း ဒီစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
ဒီဆုကိုတော့ ပရိသတ်များက ပရီးမီးယားလိဂ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ကာ မဲပေးရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ (၄)ရက်နေ့မှာ မဲပေးခွင့်ကို ပိတ်သိမ်းသွားမှာဖြစ်ပြီး အကောင်းဆုံးဆုရရှိတဲ့ ကစားသမားကို ဖေဖော်ဝါရီလ (၈)ရက်နေ့မှာ ကြေညာသွားမှာ ဖြစ်ပါတယ်။ ပြိးခဲ့တဲ့လရဲ့ အကောင်းဆုံးကစားသမားဆု နဲ့ နည်းပြဆုကိုတော့ လီဗာပူးလ်နည်းပြ ကလော့ပ်နဲ့ ခံစစ်မှူး ဗန်ဒိုက်တို့က ဆွတ်ခူးခဲ့ပါတယ်။