မန်ချက်စတာယူနိုက်တက်အသင်းရဲ့ယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ ပရီးမီးယားလိဂ် ဇန်နဝါရီလရဲ့ အကောင်းဆုံးနည်းပြဆုကို ရရှိသွားခဲ့ပါတယ်။ ဆိုးလ်ရှားဟာ မန်ချက်စတာယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်တဲ့ ၁၀ ပွဲမှာ ရှုံးပွဲမရှိခဲ့ဘဲ ၉ ပွဲနိုင် ၁ ပွဲသရေရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြမော်ရင်ဟို ထုတ်ပယ်ခံခဲ့ရတဲ့အချိန်ကတည်းက ရှုံးပွဲမရှိသေးဘဲ ဘန်လေအသင်းနဲ့ ပွဲစဉ်မှာသာ သရေရလဒ်ရရှိခဲ့တာဖြစ်ပါတယ်။
ဒီဇင်ဘာလမှာ ၃ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တဲ့ ဆိုးလ်ရှားဟာ စနေနေ့မှာ ဖူလ်ဟမ်ကို အနိုင်ရရှိခဲ့မယ်ဆိုရင် စတုတ္ထနေရာက ချယ်ဆီးအသင်းကို ၁ မှတ်အသာနဲ့ အဆင့် ၄ နေရာကို ခေတ္တရပ်တည်နိုင်မှာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကို ၁၀ ပွဲဆက်ရှုံးပွဲမရှိစံချိန်နဲ့အတူ ယခုရာသီမှာ ပထမဆုံးအကြိမ်အဖြစ် အဆင့် ၅ နေရာအထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ယာယီနည်းပြဆိုးလ်ရှားဟာ ပရီးမီးယားလိဂ်ကပေးအပ်တဲ့ ဇန်နဝါရီလရဲ့ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပါတယ်။
ယနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၎င်းရဲ့ အထင်ကြီးလေးစားဖွယ် အစကောင်းမှုနဲ့ပတ်သက်ပြီး ဆိုးလ်ရှားကို မေးမြန်းခဲ့ရာမှာ အခုလိုပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။
“အဲဒါက ကြီးမားတဲ့ဆုလာဘ်တစ်ခု ဖြစ်ခဲ့ပါတယ်”
“အသင်းက ချီးကျူးမှုနည်းနည်းလေးကအစ ထိုက်တန်ပါတယ်။ သူတို့ လုပ်နိုင်ခဲ့ပါတယ်”
“ဒါပေမယ့် ဒီဂုဏ်ယူစရာတွေကိုပဲ ကျွန်တော် ပြန်လှည့်ကြည့်နေမှာမဟုတ်ပါဘူး။ ကျွန်တော် ဘယ်တုန်းကမှ အဲဒီလိုမလုပ်ခဲ့ပါဘူး။ ကျွန်တော်က အမြဲတမ်း အနာဂတ်ကိုပဲ ကြိုတွေးတဲ့သူပါ။ သင်ခန်းစာတစ်ခန်းမပြီးမချင်း မထိုင်ပါဘူး”
“ကျွန်တော် ရောင်ပြန်ဟပ်ခံရတာပါ။ ဒါပေမယ့် ကျွန်တော် ဘယ်တော့မှ အရင်တုန်းက လုပ်ခဲ့ဖူးတဲ့ဟာကို ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ပြောနေမှာမဟုတ်ဘူး။ အဲဒီလိုမျိုးထပ်ပြီး မကြာခဏ ထပ်လုပ်ရင် လုပ်ကောင်းလုပ်လိမ့်မယ်။ အဲဒါ ကျွန်တော့်အကျင့်ပဲ”လို့ Sky Sport ကို ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီလရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်က ရရှိသွားပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ၄ ပွဲကစားပြီးချိန်မှာ ၃ ဂိုးသွင်းယူနိုင်ခဲ့တဲ့ကစားသမားဖြစ်ပြီး အသင်းဖော် လင်ဒီလော့ဖ်အပါအဝင် တွန်ဟီလ်တန်၊ ဂျိုရွှာကင်း၊ လာကာဇက်၊ ဂျိမ်းစ်ဝါ့ဒ်ပရောက်စ်တို့ကို ကျော်ဖြတ်ပြီး ဆုရရှိခဲ့တာဖြစ်ပါတယ်။
Share