ဗြိတိန်ရဲ့ လက်ထောက်ဝန်ကြီးချုပ်ဟောင်းဟာ Meta မှာ ဩဇာအရှိဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါတယ်။
အစိုးရနဲ့ စကားမပြောချင်တဲ့ Meta အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ခ်ဟာ သူ့ကိုယ်စား အစိုးရအရေးတွေကို ဖြေရှင်းပေးဖို့ နစ်ခ်ကလပ်ကို ကမ္ဘာ့ရေးရာဥက္ကဌအဖြစ် ရာထူးတိုးပေးလိုက်တယ်လို့ ဆိုပါတယ်။ နစ်ခ်ကလပ်ဟာ အရင်က ဗြိတိန်ရဲ့ ဒုတိယတန်ခိုးဩဇာအကြီးဆုံးပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ခဲ့ပြီး အခုတော့ Meta ရဲ့ အာဏာအရှိအဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်လာပါတယ်။
Photo: Protocol
Meta ရဲ့ ကမ္ဘာ့ရေးရာဒုဥက္ကဌရာထူးတာဝန်နဲ့ ကိုင်တွယ်နေတဲ့ နစ်ခ်ကလပ်ဟာ ရာထူးသစ်အရ ကုမ္ပဏီရင်ဆိုင်နေရတဲ့ ကမ္ဘာလုံးဆိုင်ရာ မူဝါဒရေးရာပြဿနာတွေကို တာဝန်ယူဖြေရှင်းရတော့မှာ ဖြစ်ပါတယ်။ ကမ်းဘရစ်ချ်တက္ကသိုလ်ဘွဲ့ရ နစ်ခ်ကလပ်ဟာ ၂၀၁၈ ခုနှစ်မှာ Facebook ရဲ့ မူဝါဒနဲ့ ဆက်သွယ်ရေးပိုင်းဆိုင်ရာ အကြီးအကဲတာဝန်ယူပြီး ရောက်လာခဲ့တာပါ။
လစ်ဘရယ်ဒီမိုကရက်ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သူဟာ ၂၀၁၀ ကနေ ၂၀၁၅ အတွင်းက ဗြိတိန်ရဲ့ ဒုဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းရွက်ခဲ့ပါတယ်။ အခုတော့ Meta ကမ္ဘာ့ရေးရာဥက္ကဌတာဝန်အနေနဲ့ အစိုးရပိုင်းတွေနဲ့ မူဝါဒရေးရာ ၊ ဥပဒေစည်းမျဉ်းဆိုင်ရာပိုင်းတွေ ဆက်ဆံရာမှာ ကိုင်တွယ်ရမှာ ဖြစ်ပြီး သူ့တာဝန်ထမ်းရွက်မှုကို ကိုယ်တိုင်နဲ့ Meta COO ရှာလီဆန်းဒ်ဘာ့ဂ်ဆီ တိုက်ရိုက်အစီရင်ခံရမှာ ဖြစ်တယ်လို့ မတ်ခ်ဇူကာဘတ်က ဆိုပါတယ်။
Photo: Business Insider
ရာထူးသစ်မှာ သူဟာ Meta က ပိုင်ဆိုင်သမျှ Facebook ၊ Instagram ၊ Messenger ၊ WhatsApp နဲ့ Oculus တို့ကို သုံးနေတဲ့ တစ်ကမ္ဘာလုံးက ဘီလျံနဲ့ချီတဲ့ သုံးစွဲသူတွေအရေး အဆုံးအဖြတ်ပေးရမှာ ဖြစ်ပါတယ်။ ကလပ်ဟာ Meta ဘုတ်အဖွဲ့မှာ ထိုင်ခုံတစ်နေရာ ရမလားဆိုတာ မသိရသေးပါဘူး။ တကယ်လို့ သူသာ ဘုတ်အဖွဲ့ဝင် ဖစ်ရင်တော့ သူ့ရဲ့ လစာနဲ့ စတော့ခ်ခံစားခွင့်ကို ကြေညာရမှာ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ ကုမ္ပဏီရဲ့ ဒုတိယ ဩဇာအကြီးဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားတဲ့ ရှာလီဆန်းဒ်ဘာ့ဂ်ရဲ့ လစာနဲ့ စတော့ခ် ခံစားခွင့်ဟာ ဒေါ်လာ ၂၄.၇ သန်းခန့် ရှိတယ်လို့ ဆိုပါတယ်။