ဇူလိုင်လအတွက် မီတာကင်းလွတ်ခွင့်ကို ဝန်ကြီးဌာနက ထုတ်ပြန်တာနောက်ကျခဲ့တာကြောင့် ဇူလိုင်(၁၆)ရက်နေ့ကနေ (၃၁) ရက်နေ့ထိ ရရှိတဲ့ (၇၅)ယူနစ်ကို ပြည်သူတွေအနေနဲ့ ကင်းလွတ်ခွင့်မရရှိခဲ့ကြပါဘူး။
ဇူလိုင်(၁၆)ရက်နေ့ကနေ (၃၁)ရက်နေ့ထိ ရရှိတဲ့ (၇၅)ယူနစ်ကိုတော့ သြဂုတ်လမှစတင်ပြီး ဓာတ်အားခတောင်းခံလွှာများတွင် အစားထိုး ပြန်လည်ခုနှိမ်ကာ လျှော့ချပေးသွားမှာဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဇူလိုင်လ ၁၅ ရက်နောက်ပိုင်း ၇၅ ယူနစ် ထပ်မံလျှော့ပေးတဲ့ ကြေညာချက်ကို သြဂုတ်၁၈ရက်နေ့မှ ထုတ်ပြန်ကြေညာတဲ့အတွက် သြဂုတ်လ ပထမနှစ်ပတ်အတွင်း မီတာခပေးဆောင်ပြီးသူတွေအနေနဲ့ ထပ်မံလျှော့ပေးတဲ့ ၇၅ ယူနစ်ကို ခံစားခွင့်မရှိလို့ ဝေဖန်မှုအချို့လည်းရှိနေပါတယ်။
ဒါကြောင့် ဇူလိုင် (၁၅)ရက်နေ့နောက်ပိုင်းမှာ မရရှိခဲ့တဲ့ (၇၅)ယူနစ်ကို ဩဂုတ်လမှစတင်ပြီး ပြန်လည်ခုနှိမ်ပေးသွားမှာပါ။
ကိုဗစ်ကာလအတွင်း နိုင်ငံတော်မှ လျှပ်စစ်ဓာတ်အားသုံးစွဲသူများကို ဧပြီလကစတင်ကာ ဇူလိုင်လအကုန်အထိ လစဉ်ကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။
ယခုအခါ မီတာခ (၁၅၀)ယူနစ် ကင်းလွတ်ခွင့်ကို ဒီဇင်ဘာလကုန်အထိ ဆက်တိုက်လျှော့ချပေးသွားမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဩဂုတ်လ (၁၈)ရက်နေ့ ညပိုင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
လျှပ်စစ်ဓာတ်အားသုံးစွဲသူတွေအနေနဲ့ သုံးစွဲမှု (၁)ယူနစ်မှ (၁၅၀)ယူနစ်အထိ သုံးစွဲသူများကို ယူနစ်အလိုက် ဓာတ်အားကျသင့်ငွေအပါအဝင် မီတာဝန်ဆောင်ခကိုပါ ကင်းလွတ်ခွင့်ပြုမှာဖြစ်ပါတယ်။ (၁၅၀) ယူနစ်အထက် သုံးစွဲသူတွေအနေနဲ့ကတော့ (၁၅၁) ယူနစ်ကနေစပြီး သုံးစွဲထားတဲ့ ယူနစ်အတိုင်း မီတာခကိုပေးဆောင်ရမှာပါ။ အိမ်သုံးမီတာအမျိုးအစားတွေကိုသာ လစဉ် (၁၅၀)ယူနစ်ကင်းလွတ်ခွင့်ပြုမှာဖြစ်ပြီး နိုင်ငံတကာသံရုံးတွေနဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေကိုတော့ မူလသတ်မှတ်နှုန်းထားတိုင်း ကောက်ခံသွားမှာဖြစ်ပါတယ်။