ဇူလိုင်လ ၁ရက်က စတင်ပြီး ပုံမှန် ပြည်ပလေကြောင်းခရီးစဥ်ပြေးဆွဲမှု အချိန်ဇယားကို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ - စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသား ခရီးသည် 155ဦး ဇွန်၁၈ရက်က ကယ်ဆယ်ရေးလေယာဥ်နဲ့ ပြန်လာစဥ်
ဇူလိုင်လ ၁ရက်နေ့က စတင်ကာ ပုံမှန် ပြည်ပလေကြောင်းလိုင်းတွေဖြစ်တဲ့ ထိုင်း၊စင်ကာပူ ခရီးစဥ်တွေကို ပြန်လည်ပြေးဆွဲမယ့် လေယာဥ် အချိန်ဇယားတွေကို မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)က ဒီကနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ သတင်းထုတ်ပြန်ချက်မှာ ပါရှိတဲ့ လေကြောင်းလိုင်းခရီးစဥ်တွေက နှစ်နိုင်ငံကြား ကိုဗစ်ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး သဘောတူညီမှုရမှသာ ပြေးဆွဲသွားမှာသာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ တင်တဲ့သတင်းနဲ့ ပတ်သက်ပြီး နားလည်မှု လွဲသွားကြတာပါ။ အမှန်က ကျွန်တော်တို့က Marketing အရ လေယာဥ်ပြေးဆွဲမယ့် ရက်နဲ့ အချိန်တွေကို ထုတ်ပြန်ပေမယ့် ဒါတွေအားလုံးက နှစ်နိုင်ငံ အစိုးရ ခွင့်ပြုချက်ရမှသာ ပြေးဆွဲနိုင်မှာလည်း ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ နှစ်နိုင်ငံ ခွင့်ပြုချက်မရေသေးရင် နောက်ထပ် သြဂုတ်လမှာ ပြေးဆွဲမယ့် အစီအစဥ်ကိုလည်း ကျွန်တော်တို့က စီးနင်းသူ ခရီးသည်တွေ သိရှိနိုင်အောင် ကြို တင် သတင်းပေးထားရမှာပါ။ ဒါက သေချာပေါက် ပြေးဆွဲတော့မှာမဟုတ်ဘဲ ခွင့်ပြုချက်ရပြီဆိုရင် ဒီအစီအစဥ်အတိုင်း ပြေးဆွဲမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ လောလောဆယ်မှာ ခွင့်ပြုချက်လည်း မတောင်းထားရသေးပါဘူး။”လို့ MNA လေကြောင်းလိုင်းရဲ့ စီအီးအို ဦးသန်းထွန်းက ပြောပါတယ်။
လက်ရှိမှာတော့ MNA လေကြောင်းလိုင်းအနေနဲ့ ကိုဗစ်ကာလအတွင်း ပြည်ပနိုင်ငံအသီးသီးမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရ အစီအစဥ်နဲ့ ပြန်လည်ခေါ်ဆောင်ပေးနေတဲ့ Relief Flight တွေ ပြေးဆွဲပေးလျက် ရှိပါတယ်။
“လောလောဆယ်မှာတော့ အစိုးရရဲ့ အစီအစဥ်နဲ့ ကယ်ဆယ်ရေး လေယာဥ်တွေ ပြေးဆွဲပေးနေပါတယ်။ ပုံမှန် ခရီးစဥ်တွေအတွက်လည်း လက်ရှိမှာလက်မှတ်တွေ ရောင်းချပေးခြင်းမရှိသေးပါဘူး။ ပုံမှန် ခရီးစဥ်အတွက်ကတော့ နှစ်နိုင်ငံ အစိုးရ ခွင့်ပြုချက်ရမှသာ ဆောင်ရွက်နိုင်မှာပါ။”လို့ ဦးသန်းထွန်းက ဆက်လက်ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာခရီးသည်တင်လေယာဥ်ပျံသန်းပြေးဆွဲမှုကို ဇွန်လ ၃၀ အထိ ယာယီပိတ်သိမ်းထားပြီး ပြည်တွင်းခရီးစဥ်အချို့ကိုတော့ သတ်မှတ်စည်းကမ်းနဲ့အညီ ခွင့်ပြုပေးထားပါတယ်။