Photo- HE
အိမ်သုံးအမျိုးအစားတွေအဖြစ် နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တလုံးတခဲတည်း(အိမ်သုံး)နဲ့ စီပွားရေးလုပ်ငန်းမပါတဲ့ဘာသာသာသနာ အဆောက်အအုံတွေအတွက် လျှပ်စစ်မီတာခနှုန်းထားတွေကို ၁ ယူနစ်ကနေ ၃၀ အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်ကနေ ၅၀ အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်ကနေ ၇၅ အထိ ၇၀ ကျပ်၊ ၇၆ ယူနစ်ကနေ ၁၀၀ အထိ ၆၀ ကျပ်၊ ၁၀၁ ယူနစ်ကနေ ၁၅၀ အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်ကနေ ၂၀၀ အထိ ၁၂၀ ကျပ်နဲ့ ၂၀၁ ယူနစ်အထက်ကို ၁၂၅ ကျပ်ကောက်ခံမှာဖြစ်ပါတယ်။
စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေ၊ အစိုးရဌာနဆိုင်ရာတွေ၊ အန်ဂျီအိုတွေ၊ သံရုံးတွေစတဲ့အမျိုးအစားတွေကိုတော့ ၁ ယူနစ်ကနေ ယူနစ် ၅၀၀ အထိ ၁၂၅ ကျပ် စတင်ကောက်ခံမှာဖြစ်ပြီး သုံးစွဲတဲ့ ယူနစ်အလိုက် အဆင့်ဆင့်တိုးမြှင့် ကောက်ခံမှာဖြစ်တယ်လို့သိရပါတယ်။
ဒီလိုကောက်ခံဖို့အတွက် ပြည်ထောင်စုအစိုးရကို တင်ပြခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးရဲ့ သဘောတူညီချက်အရ လာမယ့် ဇူလိုင် ၁ ရက်နေ့မှာ စတင်တိုးမြှင့် ကောက်ခံမှာဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒီလို တိုးမြှင့်ကောက်ခံရတာဟာ မဟာဓာတ်အားလိုင်းစနစ်က လျှပ်စစ် မရရှိသေးတဲ့ဒေသတွေ လျှပ်စစ်ရရှိဖို့ ဆက်လက်ဆောင်ရွက်ဖို့။လျှပ်စစ် ထုတ်လုပ်မှုစွမ်းအား စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီလိုတိုးမြှင့်ကောက်ခံဖို့အတွက် သင့်လျော်တဲ့ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်နိုင်ရေးကို လျှပ်စစ်မီးသုံးစွဲသူ တွေကို ကိုယ်စားပြုတဲ့ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်တွေနဲ့ အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးပြီး အကြံပြုချက်တွေ ရယူဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။