အိချောပိုက သဇင်ထူးမြင့်နဲ့ အတူတွဲသရုပ်ဆောင်ရမှာဖြစ်လို့ ဝမ်းသာတယ်လို့ဆိုပါတယ်။ ‘’ဆုံဆည်းခွင့်’’ရုပ်သံဇာတ်လမ်းတွဲမှာ သူတို့ နှစ်ဦးကို အတူတွဲမြင်တွေ့ရတော့မှာပါ။
သရုပ်ဆောင် အိချောပိုကတော့ ‘’ဆုံဆည်းခွင့်’’ရုပ်သံဇာတ်လမ်းတွဲထဲမှာ သဇင်ထူးမြင့်ရဲ့ အစ်မနေရာက ပါဝင်သရုပ်ဆောင်သွားမယ့်သူပါ။ သူတို့ နှစ်ယောက်ရဲ့ ရင်းနှီးမှုကိုလည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။
‘’သဲလေးနဲ့က အရင်ကတည်းကလည်းခင်တယ်။ ဦးခင်လှိုင်နဲ့လည်း ကားတိုင်းအလိုလို ဆုံနေရတာဆိုတော့ တစ်ခါတလေလည်း သဲလေး ပါလာတယ်။ နယ်တွေဘာတွေ သွားရိုက်လို့ သူပါလာရင် မုန့်တွေ အတူတူထွက်စားဖြစ်တယ်ပေါ့။ ပြီးတော့ ကိုယ့် ညီမလေးလိုလည်း ဖြစ်နေတယ်။ ဝမ်းသာပါတယ်’’ လို့ သူကဆိုပါတယ်။
ဒီဇာတ်လမ်းတွဲကတော့ အတွေ့အကြုံရှိပြီးသား သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်အသစ်တွေ အတူတွဲပြီး ရိုက်ကူးသွားမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီ့အတွက် အိချောပိုကလည်း လက်တွဲခေါ်သွားမယ့် အကြောင်း ဆက်လက်ပြောပြလာပါတယ်။
‘’ သူတို့ လိုအပ်တာတွေ၊ နားမလည်တာတွေကို စူ့ဘက်က အတတ်နိုင်ဆုံးပြောပြသွားမှာပါ။ အခက်အခဲတွေကတော့ မရှိပါဘူး။ ဒီလိုပဲ ဒါရိုက်တာနဲ့ ညှိနှိုင်းပြီးတော့ ကြိုတင်ပြင်ဆင်မှုအပိုင်းတွေ ကို အားလုံး အတူတူ ညှိပြီးတော့ ကြိုးစားသွားရမှာပဲလေ’’ လို့ ဆိုပါတယ်။
‘’ဆုံဆည်းခွင့်’’ဇာတ်လမ်းတွဲထဲမှာ ခပ်သွက်သွက် ကောင်မလေးတစ်ယောက် ကာရိုက်တာနဲ့ပါဝင်လာမယ့်သူကတော့ အိချောပိုဖြစ်ပါတယ်။ သူမကတော့ ရပ်ကွက်ထဲမှာပါ ဆရာကြီးလုပ်နေရဦးမယ်လို့ဆိုပါတယ်။
‘’အိချောရဲ့ ကာရိုက်တာကတော့ အိချောမှာ ညီမ ၂ ယောက်ရှိတယ်။ သူတို့ကိုလည်း အမြဲတမ်း ထိန်းကျောင်းပေးတတ်တဲ့ ခပ်သွက်သွက် ကောင်မလေးနေရာက ပါဝင်သရုပ်ဆောင်ရမှာပါ။ ဒီကောင်မလေးက ညီမတွေအပေါ်မှာရော၊ ရပ်ကွက်ထဲမှာရော နည်းနည်း ဆရာကျတဲ့သူပေါ့။ ဒီကာရိုက်တာကတော့ အပြင်ကာရိုက်တာနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အပြင်မှာတော့ အိချောက ဘယ်သူ့ကိုမှ မထိန်းချုပ်ချင်ဘူး’’ ဆိုပြီးတော့ ဆုံဆည်းခွင့် ဇာတ်လမ်းတွဲ ကန်တော့ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။
အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်အရှေ့ကိုရောက်လာတဲ့ အိချောပိုဟာ အခုဆိုရင် အရမ်းကိုအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာအလှအပကြောင့်လည်း ပရိသတ်တွေအားကျရသလို ဇာတ်ရုပ်တိုင်း အပေါ် သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ပရိသတ်အချစ်ကို ပိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးတော့မှာဖြစ်ပြီး မကြာသေးခင်ကလည်း ရုပ်ရှင်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးထားတယ်လို့သိရပါတယ်။