ယူနိုက်တက်ကတော့ လီဗာပူးကိုနိုင်တဲ့လူစာရင်းအတိုင်းပဲ ပွဲထွက်လာခဲ့ပြီး ရော်နယ်ဒို၊ ကက်စ်မဲရိုး၊ မက်ဂွိုင်းရားတို့က အရံခုံမှာပဲရှိခဲ့ပါတယ်။ တိုက်စစ်ပိုင်း ထက်မြက်မှုက လီဗာပူးနဲ့ပွဲကလောက် မကောင်းခဲ့ဘဲ ရပ်ရှ်ဖို့ဒ်၊ အီလန်ဂါ၊ ဆန်ချိုတို့ သုံးယောက်လုံး ကျေနပ်စရာပုံစံမျိုးကို မပြသနိုင်ခဲ့ပါဘူး။
ဘရူနိုဖာနန်ဒက်စ်၊ အီလန်ဂါ၊ အဲရစ်ဆင်တို့ရဲ့ အဆင့်ဆင့်ကန်ချက်တွေအကုန်လုံးကို နောက်တန်းနဲ့ထိ၊ ဂိုးသမားနဲ့ထိထွက်ခဲ့တာက ယူနိုက်တက်အတွက် နစ်နာခဲ့ရပါတယ်။ ဆောက်သမ်တန်ကလည် ချီအဒမ်စ်၊ အာရီဘို၊ အယ်လ်ယွန်နက်ဆီ၊ အမ်းစထရောင်းတို့ရဲ့ တိုက်စစ်ပိုင်းတိုးအားနဲ့ ယူနိုက်တက်ကို ဖိအားပေးဖို့ ကြိုးစားခဲ့ပါတယ်။
အထူးသဖြင့် ဂိုးဧရိယာနားမှာရတဲ့ လက်ပစ်ဘောတွေက ဆောက်သမ်တန်အတွက် ထောင့်ကန်ဘောလိုဖြစ်ခဲ့ပြီး အရပ်အမောင်းအားနည်းချက်ရှိတဲ့ လီဆန်ဒရိုမာတီနက်ဇ်၊ မာလာစီယာတို့ကို ဖိအားပေးဖို့ ကြိုးစားခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ဂိုးမရှိသရေရလဒ်နဲ့သာပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ယူနိုက်တက်တို့ တလုံးတည်းသောအနိုင်ဂိုးရရှိခဲ့ပါတယ်။ ဆန်ချို၊ အီလန်ဂါတို့ရဲ့တွဲလုံးကတဆင့် ဒါလော့ဖြတ်တင်ပေးလိုက်တာကို ဘရူနိုဖာနန်ဒက်စ် မြေမကျဘော လှလှပပ ကန်သွင်းခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ဆောက်သမ်တန်တို့ ချေပဂိုးပြန်ရဖို့ တရစပ်ဖိအားပေးလာခဲ့ပါတယ်။ တွမ်မီနေး ဧရိယာထဲမှာ လက်နဲ့ထိခဲ့ပေမယ့် ဒိုင်လူကြီးက ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပြီး အာရီဘိုရဲ့ ခေါင်းတိုက်ချက်တကြိမ်ကိုလည်း ဒီဂီယာ လက်စွမ်းပြကာကွယ်ခဲ့ပါတယ်။ ယူနိုက်တက်နောက်တန်းက လီဆန်ဒရို၊ မာလာစီယာတို့ ဒီပွဲမှာလည်း ခြေစွမ်းပြခဲ့ပြီး ဗာရန်းကလည်း နောက်တန်းကို တည်တည်ငြိမ်ငြိမ် ထိန်းကျောင်းနိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုကတော့ ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့ပေမယ့် ဒဏ်ရာအနည်းငယ်ရသွားပုံရပါတယ်။ အဲ့ဒီနောက် ကက်စ်မဲရိုးက ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးပွဲအဖြစ် အီလန်ဂါနေရာ လူစားဝင်ကစားခဲ့ပါတယ်။ ဆောက်သမ်တန်တို့ ဆက်တိုက်ဖိကစားပြီး အခွင့်အရေးတွေလည်းရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ယူနိုက်တက်ကသာ အဝေးကွင်းမှာ နိုင်ပွဲဆက်လက်ရယူခဲ့ပါတယ်။ ယူနိုက်တက်အတွက်တော့ နောက်ဆုံးနှစ်ပွဲဆက်အနိုင်နဲ့အတူ လမ်းကြောင်းမှန်ပေါ်မှာ ပုံမှန်အတိုင်း ဆက်လက်လျှောက်လှမ်းသွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။