အနုပညာ‌လောကသားတွေရဲ့ ကျေးဇူးရှင်မိခင်တစ်ဦးဖြစ်ပါတယ်။

သရုပ်ဆောင် အိတုံ ၊ ဒေါင်းဝေ နဲ့ ရဲလေးမတို့အတွက် အနုပညာရှင်မိခင်တစ်ဦးလို့ တင်စားလို့ရသူ သရုပ်ဆောင် ‌ဒေါ်ထားက ယနေ့ နိုဝင်ဘာလ (၃) ရက်နေ့ နေ့လည်ပိုင်းက လူကြီး ရောဂါနဲ့ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ 

ဒေါ်ထား ကွယ်လွန်သွားတဲ့အချိန်မှာလဲ ဇာတ်ပို့၊ ဇာတ်ရံ ၊ ဖြတ်လျှောက် အနုပညာသမားတွေသာမက သရုပ်ဆောင်ကြီးတွေကပါ စိတ်မကောင်းဖြစ်နေကြတာပါ။ 

“ ကျွန်တော့်ကို အခုလို သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဒေါ်ထားဖြတ်လျှောက်အဖွဲ့ရဲ့ခေါင်းဆောင် အမေထား ခုနလေးတင်ကွယ်လွန်သွားပါပြီ” ဆိုပြီးတော့ သရုပ်ဆောင် ဒေါင်းဝေက ယနေ့ ညနေ (၃) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာထက်ကနေ ဝမ်းနည်းကြေကွဲစွာ ရေးသားထားတာ တွေ့ရပါတယ်။ 

အလားတူပဲ သရုပ်ဆောင် အိတုံကလည်း ဆရာတစ်ဆူဖြစ်တဲ့ ဒေါ်ထား နဲ့ ပတ်သက်ပြီး သူ့ရင်ထဲက စကားကို အခုလို ပြောခဲ့ပါတယ်။ 

 " ဘဝရဲ့အစ ရုပ်ရှင်လောကထဲမှာ ပထဦးဆုံးဆရာ အန်တီထားကောင်းရာဘုံဘဝရောက်ပါစေ။ အိတုံရဲ့ဆရာသမားကိုနောက်ဆုံးချိန်အမှီရောက်အောင်တွေ့ခွင့်ရအောင်သွားကန်တော့ပါတယ်။ ကောင်းရာဘုံဘဝမှာအေးချမ်းပါစေ အန်တီထားတပည့်တွေ မြင်ရအောင်ပါ" ဆိုပြီးတော့ ယနေ့ညနေ ၃ နာရီကျော်က သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ရေးသားရင်း အမှတ်တရ ပုံတွေလဲ တင်ထားပါတယ်။ ဒါ့အပြင် အရင်နှစ်တွေက ဒေါ်ထားကို တပည့်တွေ စုံစုံညီညီ သွားရောက် ကန်တော့ခဲ့ကြတဲ့ အမှတ်တရ ဗီဒီယို ဖိုင်လေးကိုပါ " အမှတ်တရလေးကျန်ခဲ့လို့ပြန်တင်ပါရစေဆရာဖြစ်တဲ့အန်တီထားရဲ့နောက်ဆုံးတပည့်စုံလင်စွာမို့saveပါရစေ" ဆိုတဲ့ စာတန်းလေးနဲ့ တင်ထားခဲ့ပြန်ပါသေးတယ်။

ဒေါ်ထားက နှစ်အတော်ကြာ ကျန်းမာရေးမကောင်းသူ ဖြစ်တာကြောင့် တပည့်များစွာက နှစ်စဥ်နှစ်တိုင်း အိမ်တိုင်ရာရောက် ဂါရဝပြုသွားကြတယ်လို့ သိရပါတယ်။ 

အမေထားကတော့ မြန်မာ့ရုပ်ရှင်လောကထဲမှာ ဒေါ်ထားနှင့်အဖွဲ့ကိုတည်ထောင်ထားခဲ့သူဖြစ်ပြီး မြန်မာရုပ်ရှင်ဇာတ်ကားတော်တော်များများမှာလည်းပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒေါ်ထားနှင့်အဖွဲ့ကနေ သရုပ်ဆောင်ကောင်းများစွာနဲ့ ဇာတ်ပို့သရုပ်ဆောင်များစွာကိုမွေးထုတ်ပေးခဲ့သူလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က