ဖိအားတွေ အရမ်းများခဲ့လို့ဖြစ်ရမယ်။

ရန်အောင်ကတော့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်း ဦးဇင်ဝိုင်းအကြောင်း ပြောပြလာပါတယ်။ ဦးဇင်ဝိုင်းဟာ ရုပ်ရှင်လောကအတွက် ကောင်းကျိုးတွေအများကြီး လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အနုပညာလောကထဲမှာ အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားတဲ့ ရန်အောင်ကတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌရာထူးကနေ နုတ်ထွက်ခဲ့တဲ့ ဦးဇင်ဝိုင်းအကြောင်းတွေကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌလုပ်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ 



‘’ကျွန်တော်က အဲဒီလောက်အထိ လုပ်ဖို့ စိတ်ကူးတော့ မရှိပါဘူး။ ဘေးကနေပြီးတော့ အကုန်ကူညီပါတယ်။ ကျွန်တော်က သဘောကောင်းတယ်၊ အရမ်းသနားတတ်တယ်။ ဖြစ်မှာတော့ မဟုတ်ဘူး။ ဦးဇင်ဝိုင်းကို ကြည့်ရတာလေ သူ အရမ်းကို ဖိအားတွေ များနေတယ်လို့ထင်တယ်။ အစ်ကိုနဲ့လည်း ဖုန်းတွေပြောဖြစ်တယ်။ တစ်ခါတလေကျရင် သူပြောချင်တဲ့ စကားတွေကို နားထောင်တယ်။ စိတ်ထောင်းကိုယ်ကြေဖြစ်တာပေါ့နော်။ သူ့ကိုယ်သူလည်း အားမလို အားမရဖြစ်တာပါတယ်။ အစ်ကို ဒါက အများအတွက်လုပ်တာလို့ နှစ်သိမ့်ဖြစ်တယ်’’ လို့ ဆိုပါတယ်။

အဲဒီနောက် ရန်အောင်ဟာ ဦးဇင်ဝိုင်းကို ရုပ်ရှင်ဥက္ကဌရာထူးကနေ မနုတ်ထွက်စေချင်ဘူူးလို့လည်း ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ အစ်ကိုက အသည်းငယ်တယ်ခင်ဗျ။ ဒီလိုပါပဲလေ ကောင်းတာလုပ်ပြီး ကောင်းတာအပြောမခံရရင် နည်းနည်းတော့ ခံစားရမှာပဲလေ။ အခုတော့ သူ့ ကြည့်ရတာ နည်းနည်း ထူသွားပုံရတယ်။ ကျွန်တော်လည်း ဂဃဏနတော့ မသိဘူးခင်ဗျ။ ကျွန်တော်နဲ့ မဆင့်နဲ့တောင် သူ့ဆီသွားမလို့ တိုင်ပင်ဖြစ်ပါသေးတယ်။ သတင်းတွေလည်း ထုတ်ပြန်ပြီးသွားပြီဆိုတော့ နားပါစေတော့ပေါ့။ ကျွန်တော်ကတော့ သူ့ကို မထွက်စေချင်ဘူးဗျာ’’ ဆိုပြီးတော့ နိုဝင်ဘာလ ၁၀ ရက်နေ့က ရုပ်ရှင်အစည်းအရုံးကထိန် ပွဲမှာ ဖြေဆိုခဲ့တာပါ။

ဦးဇင်ဝိုင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ရာထူးထမ်းဆောင်ခဲ့ချိန်မှာလည်း ကောင်းတဲ့အရာတွေ အများကြီးလုပ်ခဲ့တယ်လို့ ရန်အောင်က ပြောပါတယ်။

‘’ သူက ကောင်းတာတွေလုပ်တယ်။ အကျိုးရှိတာတွေလည်း သူလုပ်ပါတယ်။ ရုံရှင် ကိစ္စတွေမှာလည်း အဆင်ပြေအောင် သူ ညှိနှိုင်းပေးတယ်။ အကယ်ဒမီ ကိစ္စတွေမှာလည်း အပြောအဆို လွတ်အောင် စည်းမျဉ်းစည်းကမ်းတွေကို သူ သေချာ လုပ်သွားတယ်။ သူလုပ်နေကြ အနုပညာအလုပ်တွေလည်း မလုပ်ရဘူး။ ပြီးတော့ အများကိစ္စတွေကိုမှ သူ့ကို ကျောက်တုံးကြီးတွေနဲ့ စောင့်သလို ခံစားရမှာပေါ့နော်။ ဒီကိစ္စတွေကိုလည်း ကိုဇင်ဝိုင်းက အစောကြီးကတည်းက သိပြီးဖြစ်မှာပါ။ ဒါကိုမှ သူတော်တော်လေး မခံမရပ်နိုင်လောက်အောင်ဖြစ်လို့ လုပ်တယ်လို့ပဲ ကျွန်တော် ထင်ပါတယ်’’ လို့ သူကဆိုပါတယ်။

ရန်အောင်ကို ကိုရန်လေးဆိုပြီးတော့ အနုပညာလောကသားတွေရော ပရိသတ်တွေပါ ချစ်စနိုးခေါ်ခြင်းကို ခံရတဲ့ ရန်အောင်ဟာ အကယ်ဒမီ ဆု (၆)ဆုကို ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ၁၉ ၉ ၁ ခုနှစ်က မယ်သီတာလိုမိန်းကလေး ၊၁၉၉၅ ခုနှစ်က ပုဂံမှာ သာတဲ့လ ၊၁၉၉၆ ခုနှစ်က အလင်းဖျော့ကောင်းကင် ၊၁၉၉၈ ခုနှစ်က ညမင်းသား ၊ ၂ဝဝဝ ခုနှစ်က မောဟမျဉ်းပြိုင်များ နှင့် ၂ဝဝ၆ ခုနှစ်က ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ ဇာတ်ကားများနဲ့ ဇာတ်ဆောင်အကယ်ဒမီများ ရရှိထားသူ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က