ရောဂါမပြန့်ပွားရေးအတွက် ချထားတဲ့သတ်မှတ်ချက်အချို့ကို ဇွန်လ ၁ ရက်နေ့ကစပြီး ဖြေလျှော့မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူတွေကို အသိပေးပြောကြားလိုက်ပါတယ်။
ဒီနေ့ မေလ ၂၈ ရက် ညနေပိုင်းက အတိုင်ပင်ခံရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာတစ်ဆင့် ပြောကြားခဲ့တာဖြစ်ပါတယ်။ “ မေလ(၃၁)နေ့အထိ ရောဂါမပြန့်ပွားရေးအတွက် ချထားတဲ့ သတ်မှတ်ချက်အချို့ကို ဇွန်လ(၁)ရက်နေ့ကစပြီးဖြေလျှော့ပါမယ်။ သတိကြီးစွာနဲ့ တဖြည်းဖြည်း နိုင်ငံရဲ့ယန္တရား ပြည့်ဝစွာ ပြန်လည်ပတ် နိုင်ရေးကို ဦးတည်ပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။
ယခုဖြေလျှော့ပေးမှုတွေဟာ စည်းကမ်းလိုက်နာခြင်းအားဖြင့် ကိုဗစ် ကာကွယ်ရေးကို ဖေးမပေးခြင်းရဲ့အကျိုးဖြစ်တာကြောင့် ကိုဗစ်အနိုင်ရရေးအတွက် စည်းကမ်းထိန်းသိမ်းခြင်းအားဖြင့် ဆက်ပြီး ကူညီကြပါလို့ မေတ္တာရပ်ခံကြောင်း အတိုင်ပင်ခံကပြောကြားခဲ့ပါတယ်။
လူစုလူဝေးနဲ့ ပြုလုပ်ရတဲ့ အခမ်းအနားတွေ၊ ပွဲလမ်းဘသင်တွေ မပြုလုပ်ရေး၊ ရုပ်ရှင်ရုံတွေ၊ စာသင်ကျောင်းတွေ မဖွင့်လှစ်ရေး၊့ပြည်ပလေကြောင်းလိုင်းတွေ ယာယီရပ်နားထားရေး၊ လူငါးဦးနဲ့ အထက်ပိုမစုရ စတဲ့ ကန့်သတ်ချက်တွေကို မေလ ၃၁ ရက်နေ့အထိ တိုးမြှင့်ထားရာမှာ အခုတော့ ဇွန်လ ၁ ရက်နေ့ကစတင်ပြီး ကန့်သတ်ချက်အချို့ ဖြေလျှော့ပေးတော့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
လက်ရှိမှာကိုဗစ်ကာကွယ်ရေးထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းမတပ်တဲ့သူတွေကို ဒဏ်ငွေ ငါးထောင်နဲ့ ညဘက် အချိန်ကျော်လွန်ပြီး အပြင်ထွက်တဲ့သူတွေကို အလုပ်နဲ့ ထောင်ဒဏ် တစ်လ အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာဆိုရင် ဧပြီ ၁၈ ရက်ကနေ မေလ ၁၉ ရက်အထိ ညမထွက်မရ အမိန့်ချိုးဖောက်လို့ ၄၃၇ ဦးကို ဖမ်းဆီးပြီး အလုပ်နဲ့ ထောင်ဒဏ် တစ်လ၊ နှာခေါင်းစည်းမတပ်ဘဲ အပြင်သွားလာသူ ၁၅၀၀ ကျော်ကို ဖမ်းဆီးအရေးယူတာတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် တိုင်းအစိုးရအဖွဲ့ဝင် (၃၀) ကျော်ပါဝင်တဲ့ ဗိုလ်တစ်ထောင်ဘုရားက အမတော်မြနန်းနွယ်နန်းဆောင်ယာယီပြောင်းရွှေ့ပွဲကျင်းပခဲ့ရာမှာ လူစုလူဝေးတွေဖြစ်ခဲ့လို့ ကိုဗစ်သတ်မှတ်စည်းကမ်းတွေမလိုက်နာဟုဆိုကာ လူမှုကွန်ရက် စာမျက်နှာမှာလည်း ဝေဖန်မှုအချို့ ကြုံခဲ့ရတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ လူမူရေးဝန်ကြီးဦးနိုင်ငံလင်းက မရည်ရွယ်ဘဲ ဖြစ်သွားခဲ့ကြောင်း ပြည်သူတွေကိုတောင်းပန်စကားဆိုခဲ့ပါတယ်။ ပြန်လည်ဖြေလျှော့တဲ့အခါမှာ လုပ်ငန်းတွေ ပုံမှန်အတိုင်းတွေ ပြန်လည်လည်ပတ်ခွင့်ရဖို့ကိုလည်း စီးပွားရေးလုပ်ငန်းရှင်တွေ ဘက်က မျှော်လင့်နေကြပါတယ်။
“ ကျွန်မတို့စက်ရုံမှာဆိုရင် အခု အထည်ချုပ်ဖို့က အော်ဒါတွေက ပုံနေပြီ။ အဲဒီအခါမှာ တစ်ဦးကို ၆ ပေအကွာမှာနေဖို့ ညွှန်ကြားထားတော့ ဝန်ထမ်းတွေကို အသုတ်ခွဲပြီးတက်ခိုင်းနေရတယ်။ အဲဒီတော့ ၆ ပေအကွာနေဖို့ဆိုတာကို နည်းနည်းလေးဖြေလျှော့ပေးစေချင်ပါတယ်။ Mask တပ်တာတို့၊ Hand Gel နဲ့ လက်ဆေးခိုင်းတာတို့ ဒီလို ညွန်ကြားချက်တွေကို စက်ရုံမှာ အပြည့်လိုက်နာပါတယ်” လို့ ရွှေပြည်သာမြို့နယ်က အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။