COVID စတင်ဖြစ်ပွါးခဲ့စဉ်အခါက ခရီးသွားပြည်သူတွေနည်းပါးခဲ့တဲ့အတွက် ရထားခရီးစဉ်များကို လျော့ချပြေးဆွဲခဲ့ရာမှာ ဇွန်လ (၁၆)ရက်နေ့ကစပြီး လျော့ချခဲ့တဲ့ ရထားခရီးစဉ်တွေထဲက တချို့ကို ပြန်လည်ပြေးဆွဲပေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။
photo (Zaw Lwin - မီးရထားခရီးသွားလာရေး မန်နေဂျာ)
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း COVIDနဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေကို တဖြေးဖြေးလျှော့ချပေးလာပြီဖြစ်လို့ ရထားကိုအသုံးပြုပြီး ခရီသွားလာတဲ့ပြည်သူကလည်း ယခက်ကထက် ပိုများလာတာကြောင့် အခုလို ရထားအစီးရေတွေကို ပြန်လည်ဖြည့်စွက်ပြေးဆွဲပေးတာဖြစ်တယ်လို့ ရန်ကုန်တိုင်း မီးရထားခရီးသွားလာရေး လက်ထောက်မန်နေဂျာ ဦးကျော်မျိုးလွင်က Duwun ကိုပြောပါတယ်။
“အစီးရေတွေကို ထပ်မံတိုးပြီးပြေးဆွဲတာမဟုတ်ပါဘူး။ COVIDစတင်ဖြစ်ပွါးခဲ့စဉ်က လျော့ထားတဲ့ ခရီးစဉ်တွေကို ပြန်လည်ပြေးဆွဲပေးတာပါ။ အကုန်တော့မပါသေးဘူး ခရီးစဉ်တချို့ပဲပါသေးတယ်။ ခရီသွားပြန်များလာတဲ့ အတွက် ရထားပေါ်မှာလည်း ခုံနှစ်ခုံကို လက်မှတ်တစ်စောင်ခပဲယူပြီး လူတစ်ယောက်ကိုပဲရောင်းပေးမှာပါ။ အရင်ရထားတစ်စီးမှာ ခရီသည် ၁၀၀၀ပါရင် အခု ၅၀၀ပဲ ပါတော့မယ်။ အဲတာကြောင့် ရထားခရီးစဉ်တချိူ့ကို ပြန်လည်ဖြည့်စွက်ပြေးဆွဲပေးတာပါ”လို့ ဦးကျော်မျိုးလွင်က ပြောပါတယ်။
ရထားအစီးရေ ဖြည့်စွက်ပြေးဆွဲပေးမည့် ခရီးစဉ်တွေက ရန်ကုန်-မန္တလေးလမ်းပိုင်း၊ ရန်ကုန်- မော်လမြိုင်၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းနဲ့ ရန်ကုန်မြို့ပတ်လမ်းပိုင်းတွေမှာတိုးချဲ့ပြေးဆွဲပေးသွားမှာပါ။
ခရီးဝေးရထားတွေပေါ်မှာက Social Distancing ပုံစံမျိုးသွားလို့ရပေမယ့် မြို့ပတ်ရထားတွေပေါ်မှာတော့ အခက်အခဲရှိနိုင်တယ်လို့သိရပါတယ်။
“ မြို့ပတ်ရထားတွေကတော့ လက်မှတ်နဲ့မဟုတ်တဲ့အတွက် YBS စီးသလိုပုံစံဆိုတော့ ကန့်သတ်ဖို့တော့ခက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က မြို့ပတ်ရထားတွေကိုတော့ ခရီးသည်ဝန်ကိုလျော့ချဖို့ အစီးများတဲ့ ခရီးသည်လမ်းကြောင်းတွေမှာ လူဦးရေမျှအောင် နောက်ထပ်အစီးရေထပ်ပြီးပြေးဆွဲပေးတာမျိုးတွေလုပ်မှာပါ”လို့ ဦးကျော်မိုးလွင်ကပြောပါတယ်။
ရန်ကုန်မြို့ပတ်ခရီးစဉ်တွေမှာ အစီးများတဲ့ လှော်ကားဘက်၊ အင်းစိန်ဘက်၊ မင်္ဂလာဒုံနဲ့တိုးကြောင်လေးဘက်တွေကို ထပ်ပြီးဖြည့်စွက်ပြေးဆွဲပေးမှာပါ။
မြို့ပတ်ရထားကို လက်ရှိမှာ အစီးရေ ၄၀ ပြေးဆွဲပေးနေပြီး ဇွန်လ (၁၆)ရက်နေ့ကစလို့ (၁၂)စီးထပ်တိုးကာ စုစုပေါင်း အစီးရေ (၅၂)စီးနဲ့ ပြေးဆွဲပေးသွားမှာပါ။
Share