လီဗာပူးလ်နောက်ခံလူဗန်ဒိုက်ကတော့ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ် (၃) အဖြစ်ကစားရမယ့် မန်ချက်စတာယူနိုက်တက်နဲ့ပွဲကို သတိထားကစားဖို့အတွက် အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။ တနင်္လာနေ့မှာ ကစားမယ့် ဒီပွဲဟာ နိုင်ပွဲပျောက်နေတဲ့ နှစ်သင်းစလုံးအတွက် နိုင်ပွဲပြန်ရှာရမယ့်ပွဲဖြစ်တာကြောင့်လည်း ပြိုင်ဘက်ကို လျှော့မတွက်ဖို့ ဗန်ဒိုက်က သတိပေးခဲ့တာပါ။
ယူနိုက်တက်က အဖွင့်ပွဲနှစ်ပွဲစလုံးရှုံးနိမ့်ခဲ့သလို လီဗာပူးလ်က နှစ်ပွဲစလုံးကို သရေကျခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အခုပွဲမှာ နိုင်ပွဲရယူပြီး လာမယ့်ပွဲစဉ်တွေအတွက် ပြိုင်ဘက်အသင်းက စိတ်ဓာတ်ခွန်အားရယူသွားနိုင်တာကို ဗန်ဒိုက်က ထောက်ပြခဲ့ပါတယ်။ ဒီပွဲကို လီဗာပူးလ်က အသာရမယ်လို့ သုံးသပ်နေကြပေမယ့် ဗန်ဒိုက်ကတော့ အခုလိုပဲ သတိပေးခဲ့ပါတယ်။
"ယူနိုက်တက်က ကျနော့်အမြင်မှာ အသင်းကောင်းတသင်းပါ၊ သူတို့မှာကစားသမားကောင်းတွေရှိနေပါတယ်၊ လက်ရှိမှာ သူတို့အကောင်းဆုံးပုံစံမဟုတ်ဘူးဆိုတာက သိသာပေမယ့်လည်း ဒီပွဲက သူတို့အတွက် အလှည့်အပြောင်းလုပ်ဖို့လုံလောက်တဲ့ ပွဲပါ၊ကျနော်တို့ ကိုယ့်ကိုကိုယ်ပြန်ကြည့်ပီးတော့ ဒီပွဲအတွက် အသင့်ဖြစ်နေဖို့ သေချာအောင်လုပ်ရပါမယ်၊ ဒီတပတ်မှာလည်း အားထုတ်ကြိုးပမ်းရမှာပါ"
"ကျနော်တို့ အနိုင်ရချင်ပြီးတော့ အနိုင်ရဖို့အတွက်လည်း လုပ်နိုင်သမျှအရာအားလုံးကို လုပ်သွားမှာပါ၊ ပြီးခဲ့တဲ့ရာသီမှာ ကျနော်တို့အတွက် သူတို့က ခက်ခဲတဲ့ပြိုင်ဘက်ဆိုတာကို ပြသခဲ့ပါတယ်၊ ပြီးခဲ့တဲ့ရာသီကလည်း ရလဒ်ကောင်းတခု ရခဲ့ပါတယ်၊ ဒီရာသီမှာ သူတို့က ခက်ခဲတဲ့အစပြုမှုတွေရှိနေပြီး ကျနော်တို့လည်း အကောင်းဆုံးမစတင်နိုင်ခဲ့ဘူးဆိုတော့ စိတ်ဝင်စားစရာကောင်းပါလိမ့်မယ်" လို့ ပြောဆိုခဲ့ပါတယ်။
လီဗာပူးလ်ကတော့ ပြီးခဲ့တဲ့ရာသီက အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို ၅-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိမှာလည်း နိုင်ပွဲမရထားပေမယ့် ယူနိုက်တက်ထက် ပိုကောင်းတဲ့ခြေစွမ်းမျိုးကို ပိုင်ဆိုင်ထားပြီး အနိုင်ရဖို့လည်း ရေပန်းစားနေတာဖြစ်ပါတယ်။