ယူနိုက်တက်ဂိုးသမားဟောင်း ဒီဂီယာဟာ လက်ရှိအချိန်အထိ ကျေနပ်လောက်စရာ ကမ်းလှမ်းမှုကို မရရှိသေးတာကြောင့် ကစားသမားဘဝက အနားယူဖို့ စဉ်းစားနေပြီဖြစ်ကြောင်း သတင်းတွေက ဆိုပါတယ်။ ဒီဂီယာဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့တာပါ။
ဒီဂီယာအနေနဲ့ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း မတိုးဖြစ်ခဲ့တဲ့နောက် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့ရတာပါ။ ဒါပေမယ့်လည်း လက်ရှိအချိန်အထိ သူ့အတွက် အဆင်ပြေမယ့် ကမ်းလှမ်းမှုကို မရရှိသေးဘဲ အခက်တွေ့နေရတာလည်း ဖြစ်ပါတယ်။
ဒီဂီယာကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တွိုက်စ် ဒဏ်ရာရသွားချိန်မှာ သတင်းထွက်ခဲ့သေးပေမယ့် နောက်ဆုံးမှာတော့ မက်ဒရစ်မြို့ခံ အသင်းကြီးက ချဲလ်ဆီးဂိုးသမား ကီပါကိုသာ အငှားနဲ့ ခေါ်ယူသွားခဲ့ပါတယ်။ ဒါ့အပြင် နယူးကာဆယ်နဲ့လည်း သတင်းထွက်ခဲ့ပါသေးတယ်။
ဒီလိုမျိုး သတင်းမျိုးစုံ ထွက်ပေါ်ခဲ့ပြီး ကမ်းလှမ်းမှုအချို့လည်း ရရှိခဲ့ပေမယ့် ဒီကလပ်တွေက ဒီဂီယာအတွက် ကျေနပ်လောက်စရာ မဖြစ်ခဲ့ပါဘူး။ သတင်းတွေရဲ့ ဖော်ပြချက်အရ ဒီဂီယာအနေနဲ့ ဥရောပထိပ်တန်းလိဂ်တွေက အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့သည့်တိုင် ဒီအသင်းတွေက အမှတ်ပေးဇယားအောက်ပိုင်းက အသင်းတွေဖြစ်နေခဲ့တယ်လို့ သိရှိရပါတယ်။
ဒီဂီယာဟာ ဥရောပထိပ်တန်းအသင်းကို မပြောင်းရွှေ့ဖြစ်ခဲ့ရင် ကစားသမားဘဝက အနားယူဖို့ ပြင်ဆင်ထားတဲ့ ကစားသမားဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်သွားဖို့ အလေးအနက်ထား စဉ်းစားနေပြီလည်း ဖြစ်ပါတယ်။