ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ရက်သတ္တပတ်မှာ အရေးကြီးတဲ့ပွဲစဉ်တွေကစားခဲ့ရပေမယ့် အသင်းအတွက် ခြေစွမ်းပြပြီး ဟက်ထရစ်သွင်းယူပေးခဲ့သူနှစ်ဦးရှိခဲ့ပါတယ်။ ဘန်ဇီမာနဲ့ လီဝန်ဒေါစကီးပါ။ အသက် ၃၄ နှစ်အရွယ် ပြင်သစ်သားနဲ့ ၃၃ နှစ်အရွယ် ပိုလန်သားကြီးတို့က သူတို့မအိုသေးဘူးဆိုတာကို သွင်းဂိုးတွေနဲ့ သက်သေပြခဲ့ကြပြီး အသင်းကို ကွာတားဖိုင်နယ်ဆီပို့ဆောင်ပေးခဲ့ပါတယ်။
သူတို့ရဲ့ ငါမအိုသေးဘူးလို့ ကြွေးကြော်သံတွေအပြီး မနေ့ကညမှာတော့ ၃၇ နှစ်အရွယ် ရော်နယ်ဒိုက ယူနိုက်တက်အတွက် ဟက်ထရစ်သွင်းဂိုးကို စပါးနဲ့ပွဲမှာ ရယူပြခဲ့ပြန်ပါတယ်။ ပြီးခဲ့တဲ့ပွဲတွေမှာ ဂိုးပေါက်ပျောက်ခဲ့လို့ ကစားသမားဘ၀နေဝင်ချိန်ကိုရောက်နေပြီလို့ ဝေဖန်ခံနေရချိန်မှာ ရော်နယ်ဒိုက သူ့ရဲ့ ဒီရာသီအကောင်းဆုံးခြေစွမ်းကို ပြသခဲ့ပြီး အသင်းအတွက် အဖိုးတန်နိုင်ပွဲယူပေးခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေအကြောင်းပြောမယ်ဆို သူ့ကို ချန်လှပ်ထားလို့မရသေးဘူးဆိုတာကိုပါ ပေါ်တူဂီသားက သတိပေးသွားခဲ့တာပါ။ ဘောလုံးလောကမှာက အသက် ၃၀ ကျော်အရွယ်ဆိုရင် ကစားသမားဘ၀အကောင်းဆုံးအချိန်တွေကို ကျော်လွန်သွားပြီလို့ ယေဘုယျအားဖြင့် ယူဆထားကြတာပါ။ ဒါပေမယ့် အခုပြောခဲ့တဲ့ တိုက်စစ်မှူး ၃ ယောက်ကတော့ မရှေးမနှောင်းပဲ ကိုယ်စီခြေစွမ်းပြရင် ဒါတွေမှားယွင်းတယ်ဆိုတာကို သက်သေပြခဲ့ကြပါတယ်။
သက်ဆိုင်ရာလိဂ်တွေမှာလည်း ဒီကစားသမားတွေက ဂိုးသွင်းဘုရင်စာရင်းမှာ အဆင့် ၁-၃ ဝင်နေသူတွေဖြစ်နေသလို အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်တွေအဖြစ်နဲ့လည်း ရပ်တည်နေတာပါ။ ဒါတွေကိုကြည့်မယ်ဆိုရင် သူတို့အတွက်တော့ အသက်အရွယ်ဆိုတာက ကိန်းဂဏန်းသာသာပဲရှိတယ်ဆိုတာကို မြင်တွေ့ရမှာဖြစ်ပြီး ကွင်းထဲမှာ သူတို့ရှိနေသေးသရွေ့ အထင်သေးလို့၊ ပေါ့ဆလို့မရသေးဘူးဆိုတာကိုပါ ခံစားရမှာဖြစ်ပါတယ်။
အဆုံးအဖြတ်သွင်းဂိုးတွေ၊အရေးပါတဲ့အခိုက်အတန့်သွင်းဂိုးတွေအတွက် ဒီသက်ကြီးဝါကြီးကစားသမားတွေက အားကိုးနေရဆဲဖြစ်ပါတယ်။ ဇရာကို တွန်းလှန်ပြီးတော့ အကောင်းဆုံးပုံစံတွေကို ပြသနေကြဆဲဖြစ်ကာ ဒီအထဲမှာမှ အသက်အကြီးဆုံးလို့ဆိုရမယ့် ရော်နယ်ဒိုရဲ့ မနေ့ညက ခြေစွမ်းကတော့ တကယ်လက်ဖျားခါလောက်စရာဖြစ်ခဲ့ရပါတယ်။