In partnership with  logo
ကိုယ့်ရဲ့ အရည်အချင်းတွေ ၊ လုပ်ကိုင်နိုင်စွမ်းရည်တွေကို ဘယ်လို ပိုင်းဖြတ်ကြသလဲဆိုတာကို လူတိုင်းလိုလို စိတ်ဝင်တစားရှိကြပါတယ်။

စနစ်တကျ ဖွဲ့စည်းထားတဲ့ လုပ်ငန်း၊ ကုမ္ပဏီတွေက ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် (Performance) ကို တစ်နှစ်ကို တစ်ကြိမ် သုံးသပ်လေ့ရှိပါတယ်။ အဲဒီလို သုံးသပ်ပြီး သင့်ကို ရာထူးတိုးပေးသင့်လား၊ လစာတိုးပေးသင့်လားဆိုတာကို စဉ်းစားပါတယ်။

နှစ်စဥ်နှစ်တိုင်း ဝန်ထမ်းတွေရဲ့ အရည်အချင်း သုံးသပ်တဲ့ performance appraisal တွေကို ဘယ်အချက်အလက်တွေပေါ် မူတည်ပြီး အမှတ်ပေးသလဲဆိုတာကို တချို့ကုမ္ပဏီတွေက ပြောပြတာမျိုးရှိသလို တချို့ကုမ္ပဏီတွေမှာ ဒီအတိုင်းပဲ သင် လစာတိုးတယ်၊ မတိုးဘူး၊ ရာထူးအပြောင်းအလဲ ရှိတယ်မရှိဘူးလို့ ပြောလာတာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒီတော့ ကုမ္ပဏီက သင့်ရဲ့ လုပ်ဆောင်ချက်တွေမှာ ဘာတွေကို အဓိကထားပြီး အမှတ်ပေးဆုံးဖြတ်သလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်၊



၁။ စွမ်းဆောင်ချက်အရ တိုင်းတာခြင်း

ဝန်ထမ်းတစ်ယောက်ရဲ့ စွမ်းဆောင်ချက် (Performance) ကတော့ အရေးကြီးဆုံး အပိုင်းမှာ ပါဝင်ပါတယ်။ သင့်ရဲ့ လုပ်ရည်ကိုင်ရည် စွမ်းဆောင်နိုင်ရည်တွေဟာ အဖွဲ့အစည်းအောင်မြင်မှုမှာ ဘယ်လောက်ထိ အကျိုးပြုခဲ့သလဲ၊ အဖွဲ့အစည်းအတွင်း ဘယ်လောက်ထိ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သလဲဆိုတာကို အကဲဖြတ်ပါတယ်။

၂။ တာဝန်ယူမှုအရတိုင်းတာခြင်း

သင်ဟာ ပေးလိုက်တဲ့တာဝန်ကို အထက်လူကြီးက လှည့်ကြည့်စရာမလိုဘဲ သင့်ဘာသာ အမှီအခိုကင်းကင်းနဲ့ ဘယ်လောက်အထိ အကောင်းဆုံးလုပ်နိုင်လဲ၊ ဘယ်လို အားစိုက်ဆောင်ရွက်ခဲ့လဲဆိုတဲ့ တာဝန်ယူမှု၊ တာဝန်ကျေပွန်မှုတွေနဲ့ တိုင်းတာပြီးတော့လည်း ဝန်ထမ်းရဲ့ အရည်အချင်း နဲ့ လုပ်နိုင်စွမ်းရည်တွေကို အမှတ်ပေးလေ့ ရှိပါတယ်။ သင်ဟာ ပေးလိုက်တဲ့ တာဝန်တွေကို ရှောင်လွဲတာမျိုး၊ တာဝန်ကို လက်ခံလိုက်ပေမယ့် ပြီးမြောက်အောင် (သို့မဟုတ်) အကောင်းဆုံး ဆောင်ရွက်နိုင်ခြင်းမရှိတာမျိုးတွေဟာ သင့်ကို အမှတ်လျော့စေမယ့် အချက်တွေပါ။

၃။ အပြုအမူနဲ့ စိတ်နေသဘောထားအရ တိုင်းတာခြင်း

ဝန်ထမ်းတွေရဲ့ အပြုအမူနဲ့ စိတ်နေသဘောထားတွေကို ကြည့်ပြီးတော့လည်း ဝန်ထမ်းတစ်ယောက်ရဲ့ အရည်အချင်းကို ပိုင်းဖြတ်ပါတယ်။ ဝန်ထမ်းတစ်ယောက်ဟာ သူ့လုပ်ငန်းခွင်မှာ သူ့အထက်အရာရှိ၊ သူ့လုပ်ဖော်ကိုင်ဖက်၊ သူ့ရဲ့ Customer တွေအပေါ် ဘယ်လို ပြုမူဆက်ဆံတတ်သလဲဆိုတဲ့အချက်ကိုလည်း သင့်ရဲ့ အရည်အချင်းနဲ့ လုပ်ကိုင်နိုင်စွမ်းရည်ကို ပိုင်းဖြတ်တဲ့အခါမှာ ထည့်သွင်းစဉ်းစားပါတယ်။ သင်ဟာ စွမ်းဆောင်ရည်တော့ ကောင်းနေပြီး အထက်လူကြီးအပေါ် လေးစားမှုမရှိရင် (ဒါမှမဟုတ်) လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ ကူညီဖေးမှမှုမရှိရင် သင့်ကို အမှတ်လျော့စေမှာပါ။

လုပ်ငန်းခွင်မှာ အထက်အရာရှိ၊ လုပ်ဖော်ကိုင်ဖက် နဲ့ Customer တွေအပေါ် သင့်ရဲ့ပြုမူဆက်ဆံပုံတွေကို သင့်အရည်အချင်း နဲ့ စွမ်းဆောင်ရည် သုံးသပ်ရာမှာ ထည့်သွင်းစဉ်းစားပါတယ်။

၄။ သင်ယူလေ့လာမှုအရ တိုင်းတာခြင်း

ဝန်ထမ်းတစ်ယောက်ဟာ သူ့ရဲ့ လက်ရှိနေရာမှာပဲ ရပ်တန့်နေသလား၊ ဘယ်လို သင်ယူလေ့လာမှုတွေကို ပြုလုပ်နေသလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့လည်း အကဲဖြတ်လေ့ရှိပါတယ်။ လုပ်ငန်းခွင်အတွင်း ၊ လုပ်ငန်းခွင်ပြင်ပမှာ သင့်အလုပ်အတွက် လိုအပ်တဲ့ အရာတွေတွေကို လေ့လာနိုင်မှုစွမ်းရည် ဘယ်လောက်ရှိသလဲ ဆိုတာကလည်း သင့်ရဲ့ အရည်အချင်းနဲ့ တိုးတက်မှုအတွက် အရေးပါတဲ့အချက်တစ်ချက်လို့ ကုမ္ပဏီတွေက ယူဆပါတယ်။

 

၅။ အားသာချက်တွေအရ တိုင်းတာခြင်း

အခုနောက်ပိုင်းကာလတွေမှာ International Company တွေ ဝင်ရောက်လာမှုတွေကလည်း များပြားလာပြီဖြစ်တဲ့အတွက် Strength based approaches ကို ကြည့်ပြီး တိုင်းတာမှုတွေ ပြုလုပ်လာကြပါတယ်။ ဝန်ထမ်းတစ်ယောက်က ဘယ်လို အားသာချက်တွေကို ပိုင်ဆိုင်ထားသလဲဆိုတာကို ကြည့်ပြီး ဒီဝန်ထမ်းရဲ့ အရည်အချင်း နဲ့ လုပ်နိုင်စွမ်းရည်တွေကို ပိုင်းဖြတ်ပါသေးတယ်။

ဒီလို တိုင်းတာမှုတွေအရ ဝန်ထမ်းရဲ့ လုပ်ရည်ကိုင်ရည် စွမ်းဆောင်ရည်တွေ ကျဆင်းနေခဲ့ပြီဆိုရင်လည်း ခေါ်ယူဆွေးနွေးတာမျိုး ပြုလုပ်တတ်ကြပါတယ်။ ဝန်ထမ်းကိုယ်တိုင်က စိတ်ဓာတ်မကျဘဲ ကိုယ့်ရဲ့ ကျဆင်းနေတဲ့ စွမ်းဆောင်ရည်တွေကို သဘောပေါက်နားလည်ပြီး ပြန်လည်ကြိုးစားမယ်ဆိုရင်လည်း လုပ်ငန်းခွင်အတွင်းမှာ အဓိက အားကိုးရတဲ့ Star Performer ဖြစ်သွားနိုင်ပါတယ်။

ဒါ့ကြောင့် ဖော်ပြထားတဲ့အချက်တွေကို ကြည့်ပြီး ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည် စွမ်းဆောင်ရည် အရည်အချင်းတွေကို မြှင့်တင်မယ်ဆိုရင် ပိုမိုတော်တဲ့ ထက်တဲ့ ဝန်ထမ်းကောင်းတစ်ယောက်အဖြစ် မြင့်တဲ့ရာထူး ကောင်းတဲ့ လစာတွေ ရရှိနိုင်ကြမှာသေချာပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က