တံဆိပ်တုံးအတုကိုပေးခဲ့တဲ့ ပြည်ခိုင်ဖြိုးမဲရုံကိုယ်စားလှယ် ဒေါ်အေးမာဝင်းကလည်း ဖြစ်ရပ်အပြည့်အစုံကို ပြောပြပါတယ်။

လှည်းကူးမြို့နယ်က တံဆိပ်တုံးအတုကိစ္စဟာ ရိုးသားစွာ မှားယွင်းမှုတစ်ခုသာဖြစ်တယ်လို့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးစိုးလွင်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က လှည်းကူးမြို့နယ်အတွင်း မြို့မရပ်ကွက်မှာ အိမ်တိုင်ရာရောက် ကြိုတင်မဲတွေ လိုက်လံကောက်ခံခဲ့ရာမှာ  ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့်အတူ လိုက်ပါခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ မဲရုံကိုယ်စားလှယ် အမျိုးသမီးဟာ UEC အမှတ်တံဆိပ်မပါတဲ့ တံဆိပ်တုံးအတုကို သုံးပြီး ဆန္ဒမဲပေးစေခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး လှည်းကူးမြို့နယ်ကော်မရှင်ဥက္ကဋ္ဌက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။



“မြို့မရပ်ကွက်မှာ ကြိုတင်မဲထုတ်ယူတဲ့အခါမှာ တံဆိပ်တုံးအတုနဲ့ ထုပြီး ကောက်ယူတယ်ဆိုပြီး တက်လာတယ်။ အဖြစ်အပျက်ကို မေးကြည့်လိုက်တဲ့အခါမှာ တာဝန်ကျ ကော်မရှင် ဦးကျော်စိုးနဲ့ မဲရုံကို ကြိုတင်မဲလိုက်ယူခိုင်းတဲ့အခါမှာ ပြည်ခိုင်ဖြိုးက မဲရုံတာဝန်ကျတဲ့ကိုယ်စားလှယ်က တံဆိပ်တုံးကိုပေးတော့ ဟိုလူကလည်း အမှတ်မထင်ယူလိုက်တယ်။ ပြည်ခိုင်ဖြိုးကပေးတာ ပြည်ထောင်စုကပေးတဲ့ အမှန်ခြစ် တံဆိပ်တုံးမဟုတ်ဘူး။ အဲ့ဒီတံဆိပ်တုံးကို သူယူလိုက်တယ်။ ယူလိုက်ပြီးတော့ အဲ့ဒါကိုထည့်ဝင်မိတယ် လို့သိရတယ်။တကယ်တမ်းပြောရရင် ရပ်ကျေးကော်မ ရှင်တွေကိုသင်တန်းလည်း မပေးနိုင်ဘူး။ ကိုဗစ်ကြောင့် သင်တန်းချက်ချင်းမပေးနိုင်၊ တစ်ရက်ပဲပေးနိုင်တယ်။ အခုချိန်ထိသုံးသပ်တာတော့ ကော်မရှင်အဖွဲ့ဝင်အနေနဲ့ ရိုးသားစွာမှားယွင်းတယ်လို့ ယူဆတယ်”လို့ ဥက္ကဋ္ဌဦးစိုးလွင်ကပြောပါတယ်။

လက်ရှိ မြေပြင်အခြေအနေမှာ ဆန္ဒမဲပေးတဲ့အခါ အမှန်ခြစ်ပေးရမလား၊ တံဆိပ်ရိုက်ရမလား ဆိုတဲ့ ပြဿနာတွေရှိနေကြောင်းနဲ့ ရပ်ကျေးကော်မရှင်တွေကိုလည်း ကိုဗစ်ကြောင့် သင်တန်း ချက်ခြင်းပေးနိုင်ခြင်းမရှိခဲ့ဘဲ တစ်ရက်သာ သင်တန်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

တံဆိပ်တုံးအတုကိုပေးခဲ့တဲ့ ပြည်ခိုင်ဖြိုးမဲရုံကိုယ်စားလှယ် ဒေါ်အေးမာဝင်းကလည်း “အဘိုးအဘွားတွေကိုကြိုတင်မဲလိုက်ပြုခိုင်းတဲ့အချိန်မှာဆရာမကြီးနဲ့တကွ ကော်မရှင်က အဲ့ဒီကော်မရှင်ကဘာပြောသလဲဆိုတော့ သူတို့ ဒီတံဆိပ်တုံးတစ်ခုက ကြန့်ကြာတယ်။ ဦးကျော်စိုးကိုပြောတာ ကျွန်မကို ပြောတာမဟုတ်ဘူး။ အဲ့ဒီတံဆိပ်တုံးထုတာ ကြန့်ကြာတယ်။ အလုပ်တစ်ခုလုပ်တာရှေ့ကိုမရောက်ဘူးပေါ့ ။ကြန့်ကြာနေတဲ့အတွက် သူတို့ ဒုက္ခအရမ်းရောက်တယ်ပေါ့။ အဲဒီလို ညည်းတွားတော့ ကျွန်မကလည်း ကောက်ရတဲ့တံဆိပ်တုံးတစ်ခုရှိတယ်လို့ ပြောမိလိုက်တယ်။ ဒါပေမယ့်ထုတဲ့ဟာလေးနဲ့တော့တူတယ်။ အဲဒီတော့ တူလားမတူလားတော့ မသိဘူး ကိုကျော်စိုးလို့ အဲဒီလိုပြောလိုက်တယ်။ ပြန်ထွက်လာတဲ့အချိန်မှာ မအေးမာရေ မနေ့ကကောက်ရတဲ့တံဆိပ်တုံး ယူလာခဲ့ပေးပါဆိုလို့ ကျွန်မကယူပေးခဲ့တယ်။ ကျွန်မကတော့ ရိုးရိုးနဲ့တံဆိပ်တုံးသူတောင်းတဲ့အတွက်ပေးလိုက်တာပါ” လို့ ပြောပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်ကတော့ အခုလို တံဆိပ်တုံး အတုနဲ့ မဲပေးဖို့ ဆောင်ရွက်ခဲ့တာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပေးမယ့် မဲတွေကို ပယ်မဲဖြစ်အောင် ကြံစည်လုပ်ဆောင်နေခြင်းသာ ဖြစ်တယ်လို့ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ မြို့နယ်ကော်မရှင်ဟာ အဲဒီ တံဆိပ်တုံး အတုကိစ္စနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုအပိုင်းအတွက် မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ထံကို တင်ပြထားကြောင်းနဲ့ ၊ ခရိုင်ကောက်မရှင်ဘက်ကတော့ တံဆိပ်တုံးအတုလုပ်ကြောင်းမှန်ကန်ခဲ့ရင် ရွေးကောက်ပွဲဥပဒေနဲ့အရေးယူမှာဖြစ်တယ်လို့ ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌဦးမောင်မွှေးက ပြောဆိုထားပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

က္က