ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်အပါအဝင် ယခင်နိုင်ငံအကြီးအကဲတွေ ဖြစ်ကြတဲ့ တပ်မတော်ထိပ်သီးခေါင်းဆောင်ဟောင်းတွေ ဒီနေ့ နိုဝင်ဘာ (၆) ရက်နေ့မှာ ကြိုတင်မဲတွေ ပေးခဲ့ကြပါတယ်။
နေပြည်တော် ပုဗ္ပသီရိမြို့နယ်ရှိ (၆) လုံးတန်း အိမ်ရာဝင်းအတွင်းမှာနေထိုင်ကြတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး၊ ဗိုလ်ချုပ်ကြီးဟောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ယခင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဌ ဦးတင်အေးတို့ နေအိမ်တွေဆီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေက ကြိုတင်မဲတွေ လိုက်လံကောက်ခံခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ- (၆)လုံးတန်းအိမ်ရာဝင်းအတွင်း ရွေးကော်အဖွဲ့ဝင်တွေ ကြိုတင်မဲတွေကောက်ခံနေစဉ်။
ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေက သူရဲ့ နေအိမ်ဖြစ်တဲ့ခြံအမှတ် A1 မှာကြိုတင်မဲပေးခဲ့တာဖြစ်ပြီး မဲလက်မှတ်တံဆိပ်တုံးကို ကိုယ်တိုင်နှိပ်ခဲ့ကာ ဆန္ဒမဲပေးခဲ့တာဖြစ်တယ်လို့ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးသိန်းထွေးက ပြောပါတယ်။
“သူရဲ့ ဆန္ဒမဲကို ဘကြီး (ဦးသန်းရွှေ)ကိုယ်တိုင် တံဆိပ်တုံးထုပြီးမဲပေးတာပါ။ ကျန်းမာရေးလည်းကောင်းပါတယ်။ ဒီနေ့ကတော့ (၆) လုံးတန်းမှာရှိတဲ့ ယခင် နိုင်ငံတော်အကြီးအကဲများကို လိုက်ပြီးတော့ ဆန္ဒမဲကောက်ယူတာပါ။ အားလုံးပြီးပါပြီခင်ဗျ၊ အားလုံးလဲ အဆင်ပြေပါတယ်။ အားလုံးလည်းကျန်းမာကြပါတယ်” လို့ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးသိန်းထွေးက ဆိုပါတယ်။
ဒီနေ့ ကြိုတင်မဲတွေ ကောက်ခံရာမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက နေအိမ်က (၂၀) ဦး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးမောင်အေးနေအိမ်က (၇) ဦး ၊သမ္မတဟောင်း ဦးသိန်းစိန် နေအိမ်က (၄) ဦး၊ ရွေးကောက်ဥက္ကဌ ဟောင်း ဦးတင်အေးနေအိမ်က (၆) ဦး စုစုပေါင်း မိသားစုဝင် (၃၇) ဦး မဲပေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ (၆) လုံးတန်းအိမ်ရာဝင်းအတွင်းမှာ တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း၊ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရဦးတင်အောင်မြင့်ဦးနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးတို့ နေထိုင်ကြတယ်လို့လည်း သိရပါတယ်။