ရွေးကောက်ပွဲကျင်းပနေသည့်အချိန် တံဆိပ် တုံး ကိစ္စ ပြဿနာဖြစ်မှာကို စိုးရိမ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်၊ မကွေးတိုင်းတာ၀န်ခံ ဦးလှတင့်က နိုဝင်ဘာလ ၇ ရက်နေ့ မကွေးမြို့နယ်အတွင်းက မဲရုံများပြင်ဆင်မှုအခြေနေလိုက်လံကြည့်ရှုစဥ် မကြီးကန်ကျေးရွာ အထကခွဲမဲရုံတွင် သတင်းမီဒီယာများကို ပြောကြားခဲ့သည်။
"မဲပေးတဲ့ပြည်သူတွေ တံဆိပ်တုံးနှိပ်တာ အများနဲ့လုပ်ရတဲ့ကိစ္စဖြစ်လို့ ချော်ရင်ချော်မယ် လွတ်မယ် ပြသနာမရှိဘူး၊ တံဆိပ်တုံးရဲ့လုံခြုံရေးဖြစ်နေတာက UECအမှတ်သားပါတာရှိတယ်၊ ECUဆိုပြီး မှားထားတာတွေရှိတယ်၊ တံဆိပ်တုံးလဲသွားတဲ့ကိစ္စတွေတွေ့ရတယ်၊ တံဆိပ်တုံးနဲ့ပတ်သက်ပြီး လဲမှာတို့၊ ပျောက်မှာတို့၊ ပျက််စီးမှာတို့ ဖြစ်မှာစိုးရိမ်တယ်၊ ဒါကြောင့် မဲရုံတာဝန်ရှိသူတွေကို မကြာမကြာ တံဆိပ်တုံးစစ်ဖို့မှာကြားခဲ့တယ်"လို့ တိုင်းတာဝန်ခံဦးလှတင့်က ပြောပါတယ်။
ဓာတ်ပုံ - မကွေးပို့စ်
ဒါ့အပြင် ကိုဗစ်ကပ်ရောဂါကာလဖြစ်နေတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းလမ်းညွှန်များ၊ မဲပေးကြသူများ ရောဂါမဖြစ်ပွားရန် မကူးစက်ရန်၊ ထိန်းသိမ်းရန်အတွက် အခင်းအကျင်းရှိမရှိ၊ မဲရုံများတွင် Covid 19ရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေးပစ္စည်များပြည့်စုံခြင်း ရှိမရှိ၊ မဲရုံတာဝန်ရှိသူများ ဝတ်စုံပြည့်စုံခြင်းရှိမရှိခြင်းများကိုလည်း စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
"မဲပေးမယ့်မဲလက်မှတ်တွေမှာ မဲရုံမှူးရဲ့လက်မှတ် တိတိကျကျပါရမယ်၊ မပါလို့မဖြစ်ဘူးဆိုတဲ့ကိစ္စကိုလည်း သတိပေးခဲ့ပါတယ်၊ ဒါအပြင် မဲပေးမယ်သူတွေ နေရမယ့်အကွာအဝေးကိစ္စလဲ ပြောခဲ့ပါတယ်၊ တကယ်လို့ မဲပေးချိန် Covid 19ရောဂါလူနာတွေ့ရင် ဘယ်လိုလုပ်ရမလဲဆိုတာမှာကြားခဲ့တယ်"လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်၊ မကွေးတိုင်းတာ၀န်ခံ ဦးလှတင့်က ပြောပါတယ်။
မကွေးတိုင်းမှာ တပ်မဲရုံ ၆၇ ရုံအပါအဝင် မဲရုံစုစုပေါင်း ၄၅၈၁ ရုံရှိပြီး မဲပေးခွင့်ရှိသူပေါင်း ၃ ဒသမ ၂၇ သန်းကျော်ရှိပါတယ်။
မကွေးပို့စ်မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။