နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိတဲ့ မဲရုံစုစုပေါင်း ၇၄ ရုံစလုံး ရေတွက်ပြီးချိန်မှာတော့ USDP ပါတီက အနိုင်ရရှိသွားခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် မဲရုံစုစုပေါင်းရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ မဲရုံပေါင်း ၅၀ ရေတွက်ပြီးချိန်မှာ NLD က USDP ကို မဲ ၄၀၀ ခန့်အသာနဲ့ ဦးဆောင်နေတာဖြစ်ပြီး မဲရုံပေါင်း ၆၃ ရုံ ရေတွက်ပြီးချိန်မှာတော့ USDP က မဲ ၂၀၀၀ ကျော် အသာနဲ့ ပြန်လည်ဦးဆောင်ရင်း အဆုံးသတ်မှာ USDP က အနိုင်ရရှိသွားခဲ့တာပါ။
အဆုံးသတ်မှာ USDP က ၃၅၃၀၉ မဲ ၊ NLD က ၂၉၄၅၆ မဲ ရရှိခဲ့ပြီး မဲအရေအတွက် ၅၈၅၃ ကွာခြားချက်နဲ့ အနိုင်ရရှိခဲ့တာပါ။
ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာဆိုရင် USDP ပါတီမှ ပါတီဥက္ကဌ ဦးသန်းဌေး ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး NLD ကိုကိုယ်စားလှယ်လောင်းက ဒေါက်တာ မိုးဆွေဖြစ်ပါတယ်။
ယနေ့မနက်ပိုင်းကပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော် ဇေယျာသီရိမြို့ အနော်ရထာရပ်ကွက်မှာ ရှိတဲ့ မဲရုံအမှတ် (၁) မှာ လာရောက်မဲပေးခဲ့ပါသေးတယ်။
နေပြည်တော် ဇေယျာသီရိမြို့နယ်ကို တပ်နယ်မြေလို့ သုံးနှုန်းပြောဆိုလေ့ရှိပြီး မဲဆန္ဒရှင်ပြည်သူပေါင်း ၈ သောင်းကျော်ရှိပြီး တပ်အတွင်း မဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၀၆၀၀ ကျော်ပါဝင်တယ်လို့ သိရပါတယ်။
၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ဇေယျာသီရိမြို့နယ်မှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် USDP က ၃၆၇၀၄ မဲ၊ NLD က ၂၀၈၅၆ မဲရရှိကာ USDP ကပဲ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။