ရခိုင်ပြည်နယ်တွင်း ၂၀၂၀ ခုနှစ် ၊ နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ (ANP) က ရခိုင်ပြည်နယ် လွှတ်တော််နေရာအားလုံးရဲ့ ၅၈ရာခိုင်နှုန်းနီးပါး အနိုင်ရရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက Duwun ကို ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ပြည်သူ့လွှတ်တော် ၈ နေရာ၊ အမျိုးသားလွှတ်တော် ၅ နေရာ ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်နှစ်ခုမှာ ၁၃ နေရာ စုစုပေါင်း ၂၆ နေရာမှာ ANP ပါတီက ပြည်သူ့လွှတ်တော် ၄ နေရာ ၊ အမျိုးသားလွှတ်တော် ၄ နေရာနဲ့ ပြည်နယ်လွှတ်တော် ၇ နေရာ စုစုပေါင်း ၁၅ နေရာကို အနိုင်ရရှိထားတယ်လို့ သိရပါတယ်။
ရမ်းဗြဲ၊ မာန်အောင် ၊ စစ်တွေ နဲ့ တောင်ကုတ် လေးမြို့နယ်မှာတော့ လွှတ်တော် ၃နေရာစလုံးကို ANP ပါတီက အနိုင်ရရှိထားပြီး ဂွမြို့နယ်မှာတော့ NLD ပါတီက ပြည်သူ့လွှတ်တော်ရော၊ အမျိုးသားလွှတ်တော်ရော ၊ပြည်နယ်လွှတ်တော်အမှတ် (၁) နဲ့ (၂) လေးနေရာစလုံးမှာ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။ အမ်းမြို့နယ်မှာတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)က နှစ်နေရာ နဲ့ ရခိုင်အမျိုးသားပါတီ ( ANP) က တစ်နေရာအနိုင်ရရှိခဲ့ပါတယ်။
ဓာတ်ပုံ - ရခိုင်အမျိုးသားပါတီ ၊ စစ်တွေမြို့နယ် ANP-SITTWE
"ANP ပါတီရဲ့ အနိုင်ရရှိမှုကတော့ ပြည်နယ်လွှတ်တော်မှာ ၇ နေရာ အနိုင်ရရှိခဲ့ပါတယ်။ အမျိုးသားလွှတ်တော်မှာ ၄ ယောက်၊ ပြည်သူ့လွှတ်တော်မှာ ၄ ယောက်နိုင်ပါတယ်။ ရမ်းဗြဲ၊ မာန်အောင် ၊ စစ်တွေ မှာတော့ ပြည်သူ့လွှတ်တော်ရော၊ အမျိုးသားလွှတ်တော်ရော ၊ပြည်နယ်လွှတ်တော်အမှတ် (၁) နဲ့ (၂) လေးနေရာစလုံးမှာ အနိုင်ရရှိခဲ့ပါတယ်။
တောင်ကုတ်မှာတော့ ပြည်နယ်လွှတ်တော်အမှတ်(၂) ကို ေရွးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့အတွက် ၃နေရာမှာ အနိုင်ရရှိခဲ့ပါတယ်၊ ဒါ့ကြောင့် ဒီ လေးမြို့နယ်မှာတော့ တစ်ရာရာခိုင်နှုန်း အနိုင်ရရှိခဲ့တယ်လို့ ပြောလို့ရပါတယ်။ ကျန်တဲ့နေရာမှာတော့ တစ်ယောက်စ နှစ်ယောက်စ နဲ့ အနိုင်ရရှိခဲ့ပါတယ်။"လို့ ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက Duwun ကို ပြောပါတယ်။
ဓာတ်ပုံ - ရခိုင်အမျိုးသားပါတီ ၊ စစ်တွေမြို့နယ် ANP-SITTWE
ရခိုင်ပြည်နယ်တောင်ပိုင်းမှာတော့ မဲပေးခွင့်ရရှိခဲ့ကြပြီး တိုက်ပွဲများဖြစ်ပွားနေခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် ၉ မြို့နယ်ကတော့ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပါဘူး။ ရခိုင်ပြည်နယ်မှာ ေရွးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ် ၉ မြို့နယ်ကတော့ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ရသေ့ တောင်၊ ဘူးသီးတောင်၊ မောင် တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးတို့ပဲဖြစ်ပါတယ်။
"ဂွမြို့နယ်မှာတော့ လက်ရှိ ဝန်ကြီးချုပ် ဦးညီပုခေါင်းဆောင်တဲ့ အဖွဲ့ကတော့ လေးနေရာစလုံးကို အနိင်ရရှိသွားပါတယ်။ အမ်းမှာတော့ USDP က တစ်နေရာရနေတယ် ပြောတယ်။ သံတွဲမှာလည်း NLD နှစ်နေရာ နိုင်တယ် ကြားတယ်။ ရခိုင်ပြည်နယ်မှာ ANP ပါတီက ၅၇.၆၉ရာခိုင်နှုန်း ၊ ၅၈ရာခိုင်နှုန်း အနိုင်ရရှိတယ်လို့ ပြောလို့ရပါတယ်။" လို့ သူကဆက်ပြောတယ်။ ၂ဝ၁၅ ခုနှစ်တုန်းကတော့ ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ်မှာ NLD အနိုင်ရရှိခဲ့တာဖြစ်ပြီး ယခုနှစ် ၂၀၂၀ခုနှစ်မှာတော့ ရခိုင်အမျိုးသားပါတီ (ANP)က လွှတ်တော် သုံးရပ်စလုံးမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။