စစ်ကိုင်းတိုင်းမှာ ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်တွေ တရားဝင် မကြေညာသေးပေမယ့် NLD ပါတီကတော့ မဲဆန္ဒနယ် အားလုံးနီးပါးမှာ အနိုင်ရရှိထားတယ်လို့ တိုင်းဒေသကြီးပါတီ ရဲ့အတွင်းရေးမှူးဖြစ်သူ ဦးမြင့်ကြည်ကပြောပါတယ်။
လက်ရှိမဲရေတွက်မှုရလဒ် တွေအရ NLD ပါတီအနေနဲ့ ကလေးဝ တိုင်းဒေသကြီး ၂ တစ်နေရာမှာသာ ရှုံးထားပြီး ကျန်တဲ့ နေရာတွေမှာ အနိုင်ရရှိကြောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အခြေအနေကတော့မသိရသေးဘူးလို့ ဆိုပါတယ်။
“ဖုန်းနဲ့ contact (အဆက်အသွယ်) ရထားတဲ့သတင်းပဲ ရှိတယ်။ အဲဒီသတင်းမှာတော့ ၃၇ မြို့နယ်မှာ လဟယ်ဆိုတဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တော့နိုင်တယ်ဆိုတာ သိရတယ်။ အမျိုးသားနဲ့ ပြည်သူ ၊ တစ်ဖက် တိုင်းဒေသကြီး၁ လား ၂ လားမသိဘူးကျန်သေးတယ်လို့သိရတယ်။ နောက်ပြီး ကလေး၀ တိုင်းဒေသကြီး ၂ က ဦးတို့ရှုံးတယ်။ကျန်တာတော့အကုန်နိုင်တယ်။ ၂၀၁၅ တုန်းကရှုံးခဲ့တဲ့ မင်းကင်းမှာလည်းအကုန်နိုင်တယ်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲရှုံးတဲ့ တမူးမှာလည်း နိုင်တယ်။ အခြေအနေကတော့ဒါပဲ။ ကွန်ဖမ်းတော့မဟုတ်သေးဘူး ဖုန်းသတင်းပဲရှိသေးတယ်။ ကော်မရှင်ကတော့မထွက်သေးဘူး”လို့ ဦးမြင့်ကြည်ကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ရှုံးခဲ့တဲ့ မင်းကင်းမဲဆန္ဒနယ်မြေ၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးနိမ်ခဲ့တဲ့ တမူး မဲဆန္ဒနယ်မှာပါ အနိုင်ရရှိခဲ့တယ်လို့သိရပါတယ်။၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီကနေ ကိုယ်စားလှယ်လောင်း ၁၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
Photo - PPA
စစ်ကိုင်းတိုင်းရွေးကောက်ပွဲရလဒ်အခြေအနေနဲ့ပတ်သက်ပြီး တိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ “မြို့နယ်တွေကလည်းပို့တာက လွှတ်တော်သုံးရပ်ရှိရင် တစ်ရပ်တည်းပို့တယ်။ အကုန်လုံးမပို့ဘူး။အဲဒီတော့ မြို့နယ်တစ်မြို့နယ်ကို ပြတ်အောင်မကြေညာနိုင်သေးဘူးပေါ့။ မုံရွာမြို့နယ်တောင် ပြည်သူ့လွှတ်တော်ရတယ်။ အမျိုးသားလွှတ်တော်မရသေးဘူး။ အဲဒီလိုတွေဖြစ်နေတယ်။ ဒီနေ့ကတော့ ဘာတစ်ခုမှမထုတ်ပြန်နိုင်ပါဘူး။ ကျွန်တော်တို့ ကျွန်တော့်အဆင့်နဲ့ ထုတ်လို့မရဘူး။ တစ်မြို့နယ်ရရင်တစ်မြို့နယ်ကို ပြည်ထောင်စုတင်ပြပြီးထုတ်ပြန်မယ်။ အပြင်ကတော ပါတီတွေကကျတော့မဲရုံမှာ ရလာတဲ့ ရလဒ်ကို သိပြီးပြောတာပေါ့။ ကျနော်တို့ကတော့လုပ်ထုံးလုပ်နည်းတိုင်းသွားရတော့ နည်းနည်းတော့ကြာတယ်။ ကျနော်တို့ကတော့ခိုင်မာတာပေါ့။ ပြည်ထောင်စုက အိုကေဆိုမှ ထုတ်မှာပါ။”လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းဝန်ကြိးချုပ်ဒေါက်တာမြင့်နိုင်ကလည်း ရွှေဘိုမြို့နယ် တိုင်းဒေသကြီး ၂ မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မဲရလဒ် ၈၇၁၄၁ မဲရရှိခဲ့ကာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းမှာ USDP ၊ NLD ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ အပါအဝင် ပါတီ ၁၆ ခုနဲ့ တစ်သိးပုဂလ ကိုယ်စားလှယ်တွေဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။မဲပေးခွင့်ရှိသူပေါင်းက ၄.၈ သန်းကျော်ရှိပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။