ရန်ကုန်တိုင်းလွှတ်တော်မှာ စောင့်ကြည့်ရမယ့်မျက်နှာသစ်လူငယ်အမတ်တွေကို Duwun က ‌ရွေးချယ်တင်ဆက်ခြင်းဖြစ်သည်။



၂၀၂၀ ရွေးကောက်ပွဲကတော့ လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ အပြတ်အသတ်နဲ့ အနိုင်ရရှိထားပြီး လွှတ်တော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုအမတ်တွေကပဲ ဦးဆောင်ကြရတော့မှာပါ။

လက်ရှိအစိုးရသက်တမ်းအပြီး အသစ်ပြန်လည်ဖွဲ့စည်းမယ့် လွှတ်တော်ထဲမှာ အမတ်ဟောင်းတွေပဲ ပြန်လည်နေရာယူရမှာဖြစ်သလို မျက်နှာသစ် အမတ်လောင်းတွေကိုလည်း မြင်တွေ့ရဖို့ ရှိပါတယ်။ ကိုကိုးကျွန်းကလွဲပြီး မြို့နယ်အားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကပဲ အနိုင်ရထားတဲ့ ရန်ကုန်တိုင်းအတွင်းမှာဆိုရင် မျက်နှာသစ် လူငယ်အမတ်လောင်းတွေ လည်း ပါဝင်သလို လွှတ်တော်အတွေ့အကြုံမရှိတဲ့ အမတ်လောင်းတွေလည်း မကြာခင်လွှတ်တော်ထိုင်ခုံရဲ့အရသာကို မြည်းစမ်းခွင့်ရကြတော့မှာပါ။ ရန်ကုန်တိုင်းအတွင်းက မျက်နှာသစ်အမတ်လောင်းတွေကို လေ့လာကြည့်မယ်ဆိုရင်.....




ကိုစည်သူမောင် 

ကိုစည်သူမောင်က ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရထားတဲ့ လူငယ်အမတ်လောင်းတစ်ဦးပါ။ သူက လူငယ်တစ်ယောက်ဖြစ်ပေမယ့် နိုင်ငံရေးနဲ့ သိပ်စိမ်းလှသူတော့မဟုတ်ပါဘူး။ အသက် (၃၃) နှစ်အရွယ်ရှိတဲ့ ကိုစည်သူမောင်ဟာ (၂၀၀၇) ရွှေဝါရောင်အရေးအခင်းမှာ ဦးဆောင်တော်လှန်ခဲ့သလို ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေမှာလည်း နှစ်အတော်ကြာ ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ သိမ်မစိမ်းလှသူ ကိုစည်သူမောင်အတွက် (၂၀၂၀) ရွေးကောက်ပွဲဟာ လွှတ်တော်နိုင်ငံရေးကို စလုပ်မယ့် ခြေလှမ်းအစလည်းဖြစ်ပါတယ်။

လွှတ်တော်ထဲရောက်ရင် ကိုစည်သူမောင် ဘာလုပ်ပေးမှာလဲ

“ပန်းဘဲတန်းမြို့နယ်မှာ ဘာတွေလိုအပ်လဲဆိုတာ ပြည်သူတွေ အသိဆုံးဖြစ်တယ်။ ဥပမာ ကားပါကင်ကိစ္စ၊ စမတ်ကားပါကင်စီမံကိန်းလုပ်ဖို့ ကျွန်တော်တို့ ဒါတွေကို ဆောင်ရွက်ဖို့ ပြည်သူတွေက တင်ပြထားတာရှိတယ်။ နောက်ဖေးလမ်းကြားဆိုလည်း ဆက်ပြီး ထိန်းသိမ်းရမှာတွေ ၊ စီစီတီဗီတွေ ပျက်နေတာတွေ ရှိတယ်။ ဒါတွေကို ထပ်ပြီးထိန်းသိမ်းရမယ်။ ကျွန်တော်တို့က နိုင်ငံတော်ရဲ့ ဘက်ဂျက်ကို အလေအလွင့်မရှိဘဲ အဂတိတရားကင်းစွာ ရှေ့လာမယ့်သက်တမ်းမှာ အားစိုက်ကြိုးပမ်းသွားရမယ်။"


ကိုစည်သူမောင်ရဲ့ ထူးခြားချက် 

ကိုစည်သူမောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနှစ်မှ ကိုယ်စားလှယ်လောင်းဝင်ပြိုင်ဖို့ ရွေးချယ်ထားတဲ့ အစ္စလာမ်ဘာသာဝင်နှစ်ဦးထဲက တစ်ဦးဖြစ်ပါတယ်။ ဘာသာခြားတစ်ယောက်ဖြစ်တဲ့ ကိုစည်သူမောင်ဟာ ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ ဘာသာရေးအကြောင်းပြုတဲ့ ဝေဖန်ထိုးနှက်ချက်တွေ ခံခဲ့ရတာမျိုးလည်းရှိခဲ့ပါတယ်။ (၂၀၂၀) ရွေးကောက်ပွဲမှာ ကိုစည်သူမောင်အနေနဲ့ အားကောင်းတဲ့ပြိုင်ဆိုင်မှုနဲ့ ကြုံခဲ့ရပြီး ဒီမိုကရေစီ မိတ်ဖက်ချင်းလည်းဖြစ်၊ သမဂ္ဂမိတ်ဆွေဟောင်းလည်း ဖြစ်ခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လူငယ်အမျိုးသမီးအမတ်လောင်းကို ကျော်လွန်ပြီး အနိုင်ရသွားခဲ့တာက ထူးထူးခြားခြား ပြောစမှတ်တစ်ခုဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ- ဒေါ်ခင်မြတ်သူ ဖေ့စ်ဘွတ်ခ်

ဒေါ်ခင်မြတ်သူ

အသက် (၃၈) နှစ်အရွယ်ရှိတဲ့ ဒေါ်ခင်မြတ်သူဟာ အခု ရွေးကောက်ပွဲမှာ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာက ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ခဲ့ရတဲ့သူပါ။အဖိုးနဲ့ အဖေတို့ရဲ့ နိုင်ငံရေးမျိုးဆက်ကို ခံယူဖို့အပြင် ကိုယ်တိုင်လည်း နိုင်ငံရေးအပေါ် ယုံကြည်မှုပြင်းထန်တဲ့သူတစ်ယောက်လို့ ပြောရမှာပါ။ ဒါကြောင့်သူမဟာ အသက် (၂၀) အရွယ်လောက်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လူငယ်တစ်ယောက်ဖြစ်လာပြီး ပါတီရဲ့ ငယ်မွေးခြံပေါက်လို့တောင် ခေါ်နိုင်ပါတယ်။ 

အခု (၂၀၂၀) ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်လာခဲ့ပြီး ဒီရွေးကောက်ပွဲကနေတစ်ဆင့် လွှတ်တော်နိုင်ငံရေးလမ်းကြောင်းရဲ့ ခရီးစဉ် အစကို လျှောက်လှမ်းဖို့ ဒေါ်ခင်မြတ်သူတစ်ယောက် အဆင်သင့်ဖြစ်နေပါပြီ။

ဒေါ်ခင်မြတ်သူရဲ့ ရွေးကောက်ပွဲကတိကဝတ်

 “ကျွန်မ ရွေးကောက်ပွဲကတိကဝတ်အများကြီးမပေးထားဘူး။ ပြည်သူကို မျက်နှာမူမယ်။ ပါတီကို မျက်နှာမူမယ်” 

ဒေါ်ခင်မြတ်သူရဲ့ ထူးခြားချက် 

တပ်မတော်သားတွေအများဆုံးနေထိုင်ပြီး တပ်မဲရုံ အများအပြားရှိတဲ့ မင်္ဂလာဒုံမြို့နယ်က ဝင်ပြိုင်ခဲ့ရတဲ့ ဒေါ်ခင်မြတ်သူအတွက် (၂၀၂၀) ရွေးကောက်ပွဲဟာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။

တပ်ကြိုတင်မဲတွေနဲ့ တပ်မတော်သားတွေ မဲပေးကြတဲ့ ပြင်ပတပ်သီးသန့်မဲရုံအားလုံးမှာ ဒေါ်ခင်မြတ်သူ ရှုံးနိမ်ခဲ့ပြီး အရပ်သားမဲရုံတွေမှာတော့ အနိုင်ရရှိခဲ့ပါတယ်။

တပ်မဲရုံတွေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရပါ့မလားဆိုတဲ့ စိုးရိမ်စရာရှိခဲ့ပေမယ့် ဒေါ်ခင်မြတ်သူဟာ ပြိုင်ဖက်ပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ကို မဲ (၇) သောင်းကျော်နဲ့ အပြတ်အသတ်နဲ့ အနိုင်ရကျော်ဖြတ်နိုင်ခဲ့သူပါ။ 

ဓာတ်ပုံ- သက်ထားစုကြည့် ဖေ့စ်ဘွတ်ခ်

မသက်ထားစုကြည်

(၂၀၂၀) ရွေးကောက်ပွဲမှာ မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းလွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရသူက အသက် (၂၉) နှစ်အရွယ်ရှိတဲ့ မသက်ထားစုကြည်ပါ။ အဖေဖြစ်သူကလည်း (၈၈) အရေးအခင်းမှာ ပါဝင်လှုပ်ရှားသူတစ်ယောက်ဖြစ်ပြီး မသက်ထားစုကြည်ဟာ ငယ်စဉ်ကတည်းက ပါတီနိုင်ငံရေးလှုပ်ရှားသူတွေအကြား ကြီးပြင်းလာခဲ့ရသူပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်လွတ်မြောက်ပြီး တိုင်းပြည်မှာ လူငယ်တွေရဲ့အားလိုတယ်လို့ ပြောဆိုခဲ့မှုဟာ မသက်ထားစုကြည်တစ်ယောက် သူနေတဲ့ မြို့နယ်အတွက် အသင့်ရှိနေဖို့ ဆုံးဖြတ်ခဲ့ရာမှာ တွန်းအားဖြစ်စေခဲ့တာပါ။

 မင်္ဂလာတောင်ညွန့်ပြည်သူတွေ လိုအပ်ချက် ဖြည့်ဆည်းပေးမယ့် သက်ထားစုကြည် 

မသက်ထားစုကြည်တို့လို တိုင်းလွှတ်တော်အမတ်တွေက မြို့နယ်ရဲ့ လိုအပ်ချက်တွေကို အဓိကဖြည့်ဆည်းမယ့်သူပါ။ ရန်ကုန်ဘူတာကြီးအဆင့်မြှင့်တင်ရေး၊ ဘူတာကြီးကို အမှီပြုပြီးနေကြတဲ့ မီးရထားရပ်ကွက် အခြေခံလူတန်းစား ဝန်ထမ်းမိသားစုတွေအရေး၊ ကိုဗစ်ကာလပိတ်ထားရတဲ့ မင်္ဂလာဈေးဆိုင်ခန်းက အသေးစားအလတ်စား စီးပွားရေးသမားတွေနဲ့ သူတို့ကိုမှီခိုနေကြတဲ့ အလုပ်သမားတွေအရေး၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အဆင့်မြှင့်တင်ရေးနဲ့ ဥယျာဉ်ဝန်ထမ်းမိသားစုတွေ အဆင်ပြေရေးတွေကို လုပ်ပေးဖို့ စိတ်ဝင်တစားရှိနေတယ်လို့ ဆိုပါတယ်။

မသက်ထားစုကြည်ရဲ့ ထူးခြားချက်

အခုနှစ်ရွေးကောက်ပွဲမှာ လူငယ်မျက်နှာသစ်ကိုယ်စားလှယ်လောင်းအများစု လွှတ်တော်နိုင်ငံရေးထဲကို ဝင်လာကြရာမှာ မသက်ထားစုကြည်က အသက်အငယ်ဆုံးလွှတ်တော်အမတ်တစ်ယောက်လို့ ဆိုနိုင်ပါတယ်။

ဆယ်တန်းအောင်ပြီးချိန်ကတည်းက ပါတီလုပ်အားပေးလူငယ်အဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း ပါတီကဖွင့်တဲ့အင်္ဂလိပ်စာသင်တန်းတွေကတစ်ဆင့် ပညာသင်ဆုရပြီး အမေရိကန်စင်တာမှာပါ သင်ကြားခွင့်ရခဲ့ပါတယ်။ 

အင်္ဂလိပ်စာအရည်အသွေးကြောင့် ပြည်ပနိုင်ငံတွေ စေလွှတ်ခြင်းခံရပြီး နိုင်ငံရေး၊စီးပွားရေး၊ ပြည်သူအရေးတွေကို လေ့လာဆည်းပူးခွင့် အခွင့်အရေးတွေ သူရခဲ့ပါတယ်။ လူငယ်အမျိုးသမီးလည်းဖြစ်၊ ဘာသာစကားကျွမ်းကျင်သူလည်းဖြစ်တဲ့ မသက်ထားစုကြည်ကတော့ တိုင်းလွှတ်တော်ထဲမှာ တက်တက်ကြွကြွနဲ့ ဘယ်လိုအဆိုတွေကို တင်သွင်းမလဲဆိုတာက ဆက်လက်စောင့်ကြည့်ရမှာဦးမှာပါ။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က