လက်ရှိကျင်းပခဲ့တဲ့ (၂၀၂၀) ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာစွာနဲ့ ကျင်းပနိုင်ခဲ့ဟုဆို

ရွေးကောက်ပွဲတရားမျှတမှုမရှိ ဆိုတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီရဲ့ စွပ်စွဲချက်တွေက အခြေအမြစ်မရှိဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ငြင်းဆိုပြောကြားလိုက်ပါတယ်။

ဒီနေ့ နိုဝင်ဘာ (၁၁) ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲမှာ ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲက တရားမျှတမှုမရှိဟုဆိုတဲ့ ပြောဆိုချက်ကို ကော်မရှင်ရဲ့ သဘောထားကို သတင်းထောက်တစ်ဦးရဲ့ မေးမြန်းရာမှာ ကော်မရှင်က အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။




“ တရားမျှတမှုမရှိဘူးဆိုတဲ့ စွပ်စွဲချက်က အနည်းစုလေးတွေရဲ့ စွပ်စွဲချက်လေးတွေ ဖြစ်တယ်။ ဒီမိုကရေစီဆိုတာ အများစုရဲ့ ဆန္ဒကို အလေးပေးရတာ။ တရားမမျှတတဲ့ ရွေးကောက်ပွဲဆိုတာလည်း ဘာမှ ပေါ်လွင်မှုမရှိဘူး။ ရွေးကောက်ပွဲကို မျှမျှတတနဲ့လွတ်လွတ်လပ်လပ် လုပ်ပြီးပြီ။ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီကြီးတွေကိုကတောင် ထောက်ခံပြီးပြီ။ ကြိုဆိုတယ်။ အသိအမှတ်ပြုတယ်။ အလှမ်းဝေးတဲ့ အနည်းစုတွေ ဒီလိုစွပ်စွဲတာက ခြေခြေမြစ်မြစ်မရှိလို့ ဘာမှ ထည့်သွင်းစဉ်းစားစရာမလိုဘူး။ “ လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က Duwun ကိုပြောပါတယ်။

ဒ့ါအပြင် တပ်မတော်နဲ့ ကော်မရှင်ပူးပေါင်းပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန် ပြည်ခိုင်ဖြိုးပါတီက တောင်းဆိုခဲ့မှု အပေါ်ကိုလည်း ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က “ပြည်သူ့ရဲ့ ဆန္ဒအမှန်ကို ထုတ်ဖော်ပြီးပြီ။ ခုနက ပြောသလိုပဲ အခြေအမြစ်မရှိတာတွေကို ဘာမှထည့်သွင်းစဉ်းစားစရာမလိုဘူး။ “ လို့ ဦးမြင့်နိုင်က ပြောကြားခဲ့တာပါ။ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ ချို့ယွင်းချက်၊အားနည်းချက်လေးတွေရှိခဲ့ပြီး ဒီအပေါ်မှာ အငြင်းပွားမှုရှိနေတာက ဒီမိုကရေစီစနစ်ပဲလို့လည်း ဦးမြင့်နိုင်က ဆိုပါတယ်။

လက်ရှိကျင်းပခဲ့တဲ့ (၂၀၂၀) ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာစွာနဲ့ ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုရွေးကော်မရှင်က ပြောကြားခဲ့ပြီး ဒီရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တဲ့အပေါ် နိုင်ငံရေးပါတီကြီးတစ်ချို့လည်း ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့တာကို တွေ့ရတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က