In partnership with  logo
စုစုပေါင်း လွှတ်တော်နေရာ (၈၅၈) နေရာ မဲရလဒ်စာရင်းထုတ်ပြန်ပြီးဖြစ်ဟုဆို
Mi Thawdar Aung

(၂၀၂၀) ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို နိုဝင်ဘာ (၈) ရက်နေ့မှာ ချောမောအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီးဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ နိုဝင်ဘာ (၁၂) ရက်ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ရွေးကော်ပွဲဥပဒေများပါ ပြဌာန်းချက်တွေနဲ့အညီ လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံနိုင်ရမည်၊ မဲဆန္ဒရှင်များရဲ့ ဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရမည်ဆိုတဲ့ စံ (၅) ချက်ကို ဦးတည် ဆောင်ရွက်နိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



ရွေးကောက်ပွဲမှာ စိတ်အားထက်သန်စွာနဲ့ ပြည်တွင်း/ပြည်ပက ကြိုတင်မဲပေးခဲ့တဲ့ ပြည်သူတွေ၊ မဲရုံကို ကိုယ်တိုင်လာပြီး မဲပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်းလည်း ဆိုပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စေတနာစွမ်းအား၊ ဉာဏ်ပညာစွမ်းအားနဲ့ နိုင်ငံတော်တာဝန်တစ်ရပ်အဖြစ်ကူညီပေးခဲ့တဲ့ ပညာရေးဝန်ကြီးဌာနက ဆရာ/ဆရာမတွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်းလည်း ရေးသားဖော်ပြထားပါတယ်။

ရွေးကောက်ပွဲကို ဘေးကင်းလုံခြုံစွာ တာဝန်ယူဆောင်ရွက်ပေးခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဝန်ထမ်းတွေ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ကျန် ဝန်ကြီးဌာနက ဝန်ထမ်းတွေ၊ ရွေးကောက်ပွဲမှာ လိုအပ်တာတွေကို အားကြိုးမာန်တက်ဆောင်ရွက်ပေးခဲ့တဲ့ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတွေ၊ တိုင်း/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအားလုံးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ အထူးကျေးဇူးတင် ဂုဏ်ပြုတယ်လို့ ကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၂ ရက် ည ၉ နာရီအထိ ပြည်သူ့လွှတ်တော် ၂၅၅ နေရာ၊ အမျိုးသားလွှတ်တော် ၁၂၀ နေရာ ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ၃၈၃နေရာ စုစုပေါင်း ၈၅၈ နေရာအတွက် မဲရလဒ်စာရင်းတွေကို  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ထုတ်ပြန်ကြေညာထားပြီးဖြစ်တာကိုလည်းတွေ့ရှိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က