In partnership with  logo
ကော်မရှင်နဲ့ ပတ်သက်တဲ့ကန့်ကွက်လွှာပေါင်း (၇၅၀) ကျော် စုစုပေါင်း အမှုပေါင်း (၉၀၀) ခန့်ကို စာရင်းပြုစုထားပြီးဖြစ်တယ်လို့ ပါတီဥက္ကဌ ဦးသန်းဌေးက ပြောကြားခဲ့ပါတယ်။
Mi Thawdar Aung

ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ဝင်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းများနဲ့ ဝန်းရံထောက်ခံသူတွေ အနေနဲ့ အခုရရှိတဲ့ မဲရလဒ်တွေကြောင့် သိမ်ငယ်စရာမလိုဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးက အားပေးစကားပြောကြားလိုက်ပါတယ်။

ဒီနေ့ နိုဝင်ဘာ (၁၉) ရက်နေ့ညပိုင်းက ပြည်ခိုင်ဖြိုးပါတီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် အသိပေးပြောကြားခဲ့တာဖြစ်ပြီး ရွေးကောက်မခံရတဲ့သူတွေအနေနဲ့ မိမိတို့ မျှော်မှန်းမထားတဲ့အခြေအနေကို မရောက်ရှိတဲ့အတွက် ဝမ်းနည်းစိတ်ပျက် သိမ်ငယ်တာတွေ ရှိနေသလို လိုအပ်ချက်တွေ ရှိသေးတယ်ဆိုပြီး ဝေဖန်ထောက်ပြမှုတွေ ရင်ဆိုင်ရတာကဓမ္မတာပဲဖြစ်တယ်လို့ ပါတီဥက္ကဌက ဆိုပါတယ်။ “ရွေးကောက်ပွဲရလဒ်အပေါ်မူတည်ပြီး ပါတီဝင်များ၊ ပါတီဝန်းရံထောက်ခံကြသူများ သိမ်ငယ်ဖို့ မလိုပါ။ စိတ်ပျက်ဖို့ မလိုပါ။ လုပ်ရမယ့်အလုပ်တွေ ရှိနေပါသေးတယ်။ အမှန်တရားကို ရှာဖွေတဲ့အခါမှာ အချိန်ကာလတစ်ခုလိုပါတယ်။ “ လို့ ပြည်ခိုင်ဖြိုး ဥက္ကဌ ဦးသန်းဌေးက ပြောပါတယ်။



ပါတီအနေနဲ့ လုပ်ရမယ့်အလုပ်တွေကို ဥပဒေဘောင်အတွင်းက ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး တင်ပြမှု၊စောဒကတက်မှုတွေကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲတစ်ခု တရားမျှတမှုရှိ၊မရှိ ဆုံးဖြတ်တာက တစ်ရက်တည်းနဲ့ ကြည့်လို့မရဘဲနောက်ဆုံးရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို ဘယ်လိုသုံးသပ်ဆုံးဖြတ်တယ်ဆိုတဲ့အထိ ကြည့်ရမှာဖြစ်ပြီး အဲဒါတွေအားလုံးပြီးမှသာ ရွေးကောက်ပွဲရလဒ် တရားမျှတမှုရှိသလား၊ မရှိသလားဆိုတာ ပေါ်လာမှာဖြစ်တယ်လို့ ပါတီဥက္ကဌ ဦးသန်းဌေးက ပြောပါတယ်။

“ ကျွန်တော်တို့အနေနဲ့ စစ်မှန်တဲ့ ပြည်သူအများစုရဲ့ ဆန္ဒကို မဆန့်ကျင်ပါဘူး။ လေးစားလိုက်နာပါတယ်။ သို့သော်လည်းပဲ အနာဂတ်ကို ဦးဆောင်သွားမယ့်လူငယ်လူရွယ်အများစုအတွက် အမှားကို အမှန်ထင်ပြီး သမိုင်းမှာ ပါမသွားရလေအောင် နေရာအနှံ့မှာ ဖြစ်ပွားခဲ့တဲ့ မမှန်မကန်လုပ်ရပ်တွေကို ဒေသအလိုက်ရော၊ တစ်ဦးချင်းအနေနဲ့ပါ ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖြေရှင်းသွားကြရမှာဖြစ်ပါတယ် “လို့ ဦးသန်းဌေးက ဆက်ပြောပါတယ်။

လက်ရှိမှာ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုတွေကို ရွေးကောက်ပွဲကော်မရှင်ကိုလည်း တိုင်တန်းဖို့ ပြင်ဆင်နေသလို ရဲအရေးပိုင်တဲ့အမှုတွေကိုလည်း ရဲစခန်းမှာ အမှုဖွင့်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ရဲအရေးပိုင် အမှုပေါင်း (၁၁၀) ကျော်နဲ့ ကော်မရှင်နဲ့ ပတ်သက်တဲ့ကန့်ကွက်လွှာပေါင်း (၇၅၀) ကျော် စုစုပေါင်း အမှုပေါင်း (၉၀၀) ခန့်ကို စာရင်းပြုစုထားပြီးဖြစ်တယ်လို့ ပါတီဥက္ကဌ ဦးသန်းဌေးက ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က