In partnership with  logo
NLD အ‌နေနဲ့ တိုင်းရင်းသားပါတီတွေရဲ့ ဆန္ဒကို အလေးထားဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
Mi Thawdar Aung

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်မှုဟာ အဖြစ်သဘောမျိုးမဟုတ်ဘဲ တကယ်လက်တွေ့ကျတဲ့ ပူးပေါင်းဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ တိုင်ရင်းသားပါတီအချို့က ဝေဖန်ထောက်ပြလိုက်ပါတယ်။

အဖွဲ့ချုပ်က ဖော်ဆောင်မယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အရေးတက်တက်ကြွကြွပူးပေါင်းပါဝင်ဖို့ တိုင်းရင်းသားပါတီတွေ ဖိတ်ခေါ်တယ်လို့ နိုဝင်ဘာ (၁၂) ရက်နေ့က အိတ်ဖွင့်ပေးစာ ထုတ်ပြန်ခဲ့တဲ့ အပေါ် တိုင်းရင်းသားပါတီတွေဘက်က အခုလို ပြန်လည်တုံ့ပြန်လာတာဖြစ်ပါတယ်။



အိတ်ဖွင့်ပေးစာပေးပို့ရာမှာ ပါဝင်တဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီအနေနဲ့ အိတ်ဖွင့်ပေးစာကို လက်ခံရရှိကြောင်း၊ အိတ်ဖွင့်ပေးစာမှာ ရေးသားထားချက်အရ NLD က ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုလို့ ဖော်ပြထားပေမယ့် တကယ်တမ်း တိုင်းရင်းသားတွေလိုချင်တာက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ကြောင်း၊ ဒီလိုခေါင်းစဉ်က အစ ကွဲလွဲမှုတွေရှိနေကြောင်း၊ NLD အနေနဲ့ ဒီ ခေါင်းစဉ်ကို ညှိနှိုင်းပေးဖို့ တိုက်တွန်းလိုကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီရဲ့ ဒုတိယဥက္ကဌ နော်ဒွဲ့ဘူက Duwun ကိုပြောပါတယ်။

“ သူတို့ကတော့ ဒီမိုကရေစီဖယ်ဒရယ်၊ သူတို့အောက်ကနေ ကျွန်မတို့က သွားရမှာ ၊ အဲဒါကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ကျွန်မတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့် ရှိမှ ဖက်ဒရယ်စနစ်ကိုသွားလို့ရမယ်။ အဲဒီခေါင်းစဉ်က အစ ကွဲလွဲနေတဲ့အတွက် ကျန်တဲ့ဟာတွေကို ပြောဖို့ ခက်ပါတယ်။” လို့ နော်ဒွဲ့ဘူက ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ (၂၀၁၅)တုန်းကလည်း အခုလိုဖိတ်ခေါ်မှုမျိုးတွေရှိခဲ့ပေမယ့် တကယ်တမ်းမြေပြင်မှာ လက်တွေ့လုပ်ဆောင်ပေးတာမရှိခဲ့ဘဲ ဒီချုပ်ရဲ့ ဖိတ်ခေါ်မှုက စာရွက်ထဲမှာပဲ ရှိနေသေးတယ်လို့ မြင်မိကြောင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ မှ အနိုင်ရ ပြည်သူ့လွှတ်တော်အမတ် မော်မိုးမြာက ဆိုပါတယ်။

“ ကျွန်မတို့ ပါတီရဲ့မူဝါဒ၊ ရပ်တည်ချက်ရှိတယ်။ အဲ့ဒီအတိုင်းဆက်သွားမယ်။ တစ်ခြားပါတီက ဘယ်လိုပဲ ဖိတ်ခေါ်ခေါ် ကျွန်မတို့ပါတီရဲ့ မူဝါဒမသွေဖီတဲ့အတိုင်း လုပ်ဆောင်သွားမှာဖြစ်တယ်။ ကျွန်မတို့ပါတီရဲ့ ကတိကဝတ်က စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးဆိုတာပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်မယ်ဆိုရင် တစ်ဦးတစ်ယောက်တည်းနဲ့သွားရမှာမဟုတ်ဘူး။ ရည်ရွယ်ချက်ချင်းတူတဲ့ တိုင်းရင်းသားပါတီတွေ အချင်းချင်းပူးပေါင်းရမယ်။ “ လို့ မော်မိုးမြာက Duwun ကိုပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်မှုကိုတော့ ကြိုဆိုပေမယ့် အာဏာရပါတီအနေနဲ့ ဘယ်လိုမူဝါဒ၊ လုပ်ငန်းစဉ်တွေအကောင်အထည်ဖော်မလဲဆိုတာကို အသေးစိတ်ဆွေးနွေးဖို့လိုအပ်ပြီး အဆိုပါ မူဝါဒ၊လုပ်ငန်းစဉ်တွေ ကြည့်ပြီးမှ ပူးပေါင်းဖို့ သင့်၊မသင့်ဆုံးဖြတ်မယ်လို့လည်း ရခိုင်အမျိုးသားပါတီဥက္ကဌ ဦးသာထွန်းလှက ပြောပါတယ်။

“NLD ဟာ (၂၀၁၅) တုန်းက တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းမှု မရှိသလောက်ကို ဖြစ်ခဲ့တယ်။ NLD အနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရေးအပြောင်းအလဲက တစ်စုံတစ်ရာမရှိခဲ့ဘူး။ အခု (၂၀၂၀) ေရွးကောက်ပွဲအလွန်မှာ NLD ပါတီက တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးကို ပြောင်းလဲဖို့လိုတယ်လို့ သုံးသပ်တဲ့အတွက် အခုလို ထုတ်ပြန်ကြေညာတယ်လို့ မြင်ပါတယ်။ ထုတ်ပြန်ကြေညာတဲ့အပေါ် ဘယ်လိုအခြေအနေမျိုးမှာ ပူးပေါင်းပါဝင်ရမယ့် လုပ်ငန်းစဉ်တွေ အသေးစိတ်ဖို့တော့လိုအပ်မယ်” လို့ ဦးသာထွန်းလှက ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၂) ရက်နေ့တုန်းက တိုင်းရင်းသားပါတီ (၄၈)ခုထံ “‌နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေး” အိတ်ဖွင့်ပေးစာပေးပို့ခဲရာမှာ တိုင်းရင်းသားပါတီတွေရဲ့ ရည်မှန်းချက်နဲ့ အဖွဲ့ချုပ်ရဲ့ ရည်မှန်းချက်တူညီတာကြောင့် နောင်အနာဂတ်မှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ဆန္ဒကို အဖွဲ့ချုပ်က အလေးထားဆောင်ရွက်သွားမယ်လို့ ပြောကြားထားတာလည်း ဖြစ်ပါတယ်။


Author


က္က