In partnership with  logo
ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဆရာ၊ဆရာမ(၆၀) နီးပါး ကိုဗစ်ကူးစက်ခံခဲ့ရတာပါ။
Mi Thawdar Aung

မကြာခင်က ကျင်းပခဲ့တဲ့ (၂၀၂၀) ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဆရာ၊ဆရာမ အယောက် (၆၀) နီးပါး ကိုဗစ်ကူးစက်ခံခဲ့ရပြီး (၂)ဦးကတော့ ရောဂါကြောင့်သေဆုံးသွားခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမ များအဖွဲ့ချုပ်အတွင်းရေးမှူးဦးဇော်မျိုးလှိုင်ကပြောပါတယ်။

ကိုဗစ်ကြောင့်သေဆုံးခဲ့သူတွေကတော့ သန်လျင်မြို့နယ်က ကျောင်းဆရာမ တစ်ဦးနဲ့ ဗိုလ်တစ်ထောင်မြို့နယ် အ.ထ.က ၂ က အသက် (၅၆) နှစ်အရွယ် ကျောင်းဆရာမတစ်ဦးဖြစ်တယ်လို့သိရပါတယ်။



“သန်လျင်က ဆရာမက ကြိုတင်မဲကာလမှာသေဆုံးတာဖြစ်တယ်။ နောက်တစ်ယောက် ရွေးကောက်ပွဲပြီးမှဗိုလ်တထောင်ကဆရာမပါ။ ကျွန်တော်တို့ ကတာ့ရောဂါကူးစက်ခံခဲ့ရသူတွေကို လက်ရှိရံပုံငွေနဲ့ပံ့ပိုးတယ်။ ပံ့ပိုးရင်းနဲ့စာရင်းကမတရားတက်လာတယ်။ ကျွန်တော်တို့ စကြားတော့ ၁၀ ယောက်ကျော်ကျော်လောက် ကြားတယ်။ နောက်တက်လာတဲ့စာရင်းက (၆၀)လောက်ရောက်လာတော့ ရံပုံငွေကမလောက်တော့တဲ့အနေအထားဖြစ်လာတယ်။ မလောက်တဲ့အတွက် အဖွဲ့ချုပ်ကနေ အလှူရှင်တွေဖိတ်ခေါ်လိုက်တယ်။ ခုလို ဆရာ၊ ဆရာမတွေ ကိုဗစ်ကူးစက်ခံရတာနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနကိုဘာမှဆက်မတောင်းဆိုတော့ဘူး။ ကိုယ်လုပ်နိုင်တာပဲလုပ်တော့မယ်။ သူတို့လုပ်တာမလုပ်တာ မသိတော့ဘူး။”လို့ ဦးဇော်မျိုးလှိုင်ကပြောပါတယ်။

လက်ရှိ ကိုဗစ်ကူးစက်ခံထားရတဲ့ ဆရာ၊ ဆရာမ (၆၀) နီးပါထဲမှာ ဆရာက (၃) ဦးသာပါဝင်တယ်လို့သိရပါတယ်။ ကိုဗစ်ကူးစက်ခံထားရတဲ့ ဆရာ၊ဆရာမ (၆၀) နီးပါးဟာ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ ပိုးတွေ့ရှိခဲ့ရသူတွေဖြစ်ပါတယ်။

“ကျွန်တော့်ဆီရောက်နေတဲ့ စာရင်း ၅၀ ၊ ၆၀ နီးပါးကတော့ရွေးကောက်ပွဲပြီးမှပါ။ ရွေးကောက်ပွဲပြီးတော့ ၃ရက်လောက်နေတော့လက္ခဏာပြတယ်။ fever clinic သွားတယ်။ Qစင်တာပို့တယ်။ Qစင်တာကနေ မဲရုံတာဝန်ကျ ဆရာ ဆရာမတွေကို ဦးစားပေးစစ်ပေးတယ်လို့ပြောပါတယ်။စစ်ပေးတော့ positive ဖြစ်တာသိရတယ်။”လို့ ဦးဇော်မျိုးလှိုင်က ထပ်မံပြောပြပါတယ်။

အခုလိုဆရာ၊ဆရာမတွေ ကိုဗစ်ကူးစက်ခံရမှုထဲမှာ ရန်ကုန်တိုင်းက ပထမအများဆုံးဖြစ်ပြီး ၊ ပဲခူးတိုင်းက ဒုတိယကူးစက်မှုအများဆုံးဖြစ်ပါတယ်။ဒါ့အပြင် မကွေးတိုင်း၊ မွန်ပြည်နယ်နဲ့ မန္တလေးတိုင်းက ဆရာ၊ဆရာမ အချို့လည်း ရောဂါ ကူးစက်ခံထားရတယ်လို့ဆိုပါတယ်။

ရန်ကုန်တိုင်းက ကိုဗစ်ကူးစက်ခံ ဆရာဆရာမတွေကိုတော့ ဧရာဝတီ ကိုဗစ်ကုသရေးစင်တာ၊ Fortune ကိုဗစ်ကုသရေးစင်တာ၊ အောင်မြင့်မိုရ် ကိုဗစ်ကုသရေးစင်တာ၊ ဘုရင့်နောင်စစ်ကြောရေးစခန်း တွေမှာ ကုသမှုပေးနေပြီး ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်က ကိုဗစ်ကူးစက်ခံ ဆရာ၊ဆရာမတွေကိုတော့ သက်ဆိုင်ရာ ဆေးရုံတွေမှာ ကုသပေးနေတယ်လို့လည်း သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


Author


က္က