ကိုယ့်ဇာတ်ကားတောင် ကိုယ်ပြန်မကြည့်မိခဲ့ပါဘူး။

သရုပ်ဆောင် သူထူးစံက သူရရှိခဲ့တဲ့ အမျိုးသားဇာတ်ဆောင်ဆု နဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ ''မှော်ဝင်သမန်းကျား'' ကလည်း တကယ်ကို ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်သွားတဲ့ သရုပ်ဆောင် သူထူးစံရဲ့ ရင်ခုန်သံကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ ပရိသတ်တွေရဲ့ မေတ္တာကြောင့် သူ့အတွက် ပထမဆုံးအကြိမ် ရရှိခဲ့တဲ့ ဆု ဖြစ်တယ်လို့လည်း မီဒီယာတွေကနေတဆင့် ပြောလာပါတယ်။


‘’ဒီနှစ်က အားလုံးရဲ့ ဂရုဏာ၊ မေတ္တာတွေကြောင့် ရတာပေါ့နော်။ ကျွန်တော်ကတော့ ဘယ်ဇာတ်ကားပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တာပါပဲ။ အခြေအနေနဲ့ အချိန်အခါ၊ အခွင့်အရေးနဲ့ ကိုက်ညီသွားလို့ အခုလို ဆုရရှိလာတာပါ။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်’’ ဆိုပြီးတော့ မတ်လ ၂၃ ရက်နေ့ က အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

သူထူးစံဟာ အကယ်ဒမီ စာရင်းဝင် ဇာတ်ကားတွေထဲကမှ ဇာတ်ကား ၂ ကားကိုပဲ ကြည့်ဖြစ်ခဲ့ပါတယ်တဲ့။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘’မှော်ဝင်သမန်းကျား’’ ရုပ်ရှင်ကားကိုတောင် မကြည့်ဖြစ်တဲ့အကြောင်း ပြောလာပါတယ်။

‘’ကျွန်တော် ဒီနှစ်ထဲမှာ ကြည့်ဖူးတာဆိုလို့ မုန်းစွဲနဲ့ သမ္မတကြီးထံပေးစာ နှစ်ကားတော့ ကြည့်ဖြစ်တယ်။ ကျွန်တော့် ဇာတ်ကားကိုတောင် ကျွန်တော် သေချာမကြည့်ဖြစ်ပါဘူး။ ဒါက သစ္စာစကားပါ။ မှော်ဝင်သမန်းကျားကို အသံခဏခဏ ပြန်သွင်းရတယ်။ ဒါပေမယ့် ရုံတင်တဲ့အခါကျတော့ လက်မှတ်ထိုးပေးခဲ့ပေမဲ့ ကြည့်ဖို့ကျတော့ ကျွန်တော်က အဆင်မပြေခဲ့ဘူး’’ လို့ သူကဆိုပါတယ်။

မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားဟာလည်း ဇာတ်ကားကောင်း တစ်ကားဖြစ်တယ်ဆိုတာကို သူထူူးစံ က ပြောလာပါတယ်။

‘’ ဒီ မှော်ဝင်သမန်းကျား ဇာတ်ကားက ဇာတ်ညွှန်းကောင်းတယ်။ ဒါရိုက်တာကောင်းတယ်၊ ပြီးတော့ ကျွန်တော်တို့မှာ အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ ယောကျ်ားတွေတောင် မလုပ်နိုင်တဲ့ အရာတွေကို ပရိသတ်အရှေ့ကို ရောက်လာအောင်၊ ကျွန်တော် အခုလို ဆုရအောင် ဆောင်ရွက်ပေးခဲ့တဲ့ ထုတ်လုပ်သူကိုလည်း ကျေးဇူးတင်ပါတယ်’’ လို့လည်း ဆက်လက် ပြောပြလာပါတယ်။

သူထူးစံဟာ မတ်လ ၂၃ ရက်နေ့က The One Entertainment Park မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ‘’မှော်ဝင်သမန်းကျား’’ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က