ပရိသတ်အချစ်တွေ အလဟသမဖြစ်စေရပါဘူးတဲ့။

အေးမြတ်သူက ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကြောင့် ရရှိလာတဲ့ အကယ်ဒမီဆုအပေါ် သူမရဲ့ စိတ်ခံစားချက်ကို အခုလို ပြောပြခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်သွားတဲ့ အေးမြတ်သူက အကယ်ဒမီ ဆုအတွက် ပရိသတ်တွေရဲ့ ချစ်ခြင်းတရားတွေကို ပိုပြီး သိရှိလာတဲ့အကြောင်းပြောလာပါတယ်။ သူမကိုလည်း အနုပညာအလုပ်တွေ လုပ်ခွင့်ပေးပါဦးလို့ မီဒီယာတွေကနေတဆင့် ပြောပါတယ်။


‘’ အခုဆိုရင် အေးမြတ်သူရဲ့ နာမည်အရှေ့မှာ အကယ်ဒမီဆိုတာပါတော့ ပိုပြီးတော့ ကြိုးစားပါမယ်။ ပရိသတ်တွေရဲ့ အချစ်တွေ အလဟသ မဖြစ်စေရပါဘူး။ ပရိသတ်ရဲ့ ချစ်ခြင်းတရားတွေကို မဖြုန်းတီးပဲနဲ့ တန်ဖိုးထားပြီး အများကြီး ကြိုးစားပါမယ်။ အေးမြတ်သူကိုလည်း ကြိုးစားခွင့်လေးပေးပါရှင့်’’ လို့ သူကဆိုပါတယ်။

အေးမြတ်သူဟာ ‘’နောင်တွင်ဥဒါန်းတည်စေသတည်း’’ ရုပ်ရှင်ဇာတ်ကားထဲက ယင်းမာ ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ပထမဆုံး အကြိမ် အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

‘’ဒီဇာတ်ကားမှာ ပါဝင်ခွင့်ရခဲ့တာကိုက ဝမ်းသာကြည်နူးရတာပါ။ ပြီးတော့ ဒီဇာတ်ကားထဲက ယင်းမာဖြစ်အောင် သွန်သင်ပေးခဲ့တဲ့သူတွေကိုရော၊ စီနီယာကြီးတွေရော သူတို့ အားလုံးရဲ့ ကျေးဇူးတွေက အေးမြတ်သူရဲ့ စိတ်ထဲမှာ ခံစားမှုတွေ အရမ်းဖြစ်လာတာပါ။ အေးမြတ်သူ ကိုယ်တိုင်ကလည်း ကြိုးစားပါမယ်။ ဒီကြိုးစားမှုကလည်း ပရိသတ်တွေရဲ့ အချစ်ကို ရဖို့ ကြိုးစားတာပါ’’ လို့ မတ်လ ၂၃ ရက်နေ့ ညက အကယ်ဒမီ ပေးပွဲမှာ ပြောခဲ့တာပါ။

Photo: Aye Myat Thu

သူမ ဘဝရဲ့ ပြောင်းလဲမှုတိုင်းကို ပရိသတ်က ဖန်တီးထားတယ်လို့ သရုပ်ဆောင် အေးမြတ်သူက ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

‘’ အရမ်းကျေးဇူးတင်ပါတယ်။ ပရိသတ်က အေးမြတ်သူအတွက် ထမင်းရှင်ပါရှင့်။ အေးမြတ်သူအတွက် ဘုရားပြီးသွားရင် နောက်ထပ် ကျေးဇူးတင်ရမယ့်သူက ပရိသတ်ပါ။ ဘာကြောင့်လဲဆိုတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် အလုပ်တွေ လုပ်ရပြီး မိဘကို လုပ်ကျွေးနေတာဆိုတော့ ဘဝမှာ ပြောင်းလဲမှုတွေ အများကြီးဖြစ်အောင် တွန်းပို့ပေးတာ ပရိသတ်တွေဖြစ်ပါတယ်’’ လို့ ဝမ်းသာပီတိ မျက်ရည်တွေကြားက ဖြေဆိုခဲ့တာပါ။

Photo: Aye Myat Thu

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုတော့ မတ်လ ၂၃ ရက်နေ့က The One Entertainment Park မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ ဒီပွဲမှာတော့ အေးမြတ်သူက သူမအတွက် ပထမဆုံးအကြိမ် အကယ်ဒမီ ထူးချွန်ဆုကို ရရှိပိုင်ဆိုင်သွားတာပါ။အေးမြတ်သူရဲ့ အနုပညာသက်တမ်းဟာ ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ သူမက အနုပညာလောကထဲကို မော်ဒယ် တစ်ယောက်အဖြစ်နဲ့ ဝင်ရောက်လာခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ



က္က