သူကျွန်တော့်ကို အရမ်းချစ်တာ။

၂၀၁၈ခုနှစ်အတွက် ပေးအပ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ သူထူးစံက အမျိုးသားဇာတ်ဆောင်ဆုနဲ့ အကယ်ဒမီဆုကို ရရှိခဲ့တာပါ။ သူအကယ်ဒမီ ရခဲ့တာနဲ့ ပတ်သက်ပြီး မင်းသွေးသာ သိရင် အရမ်းပျော်နေမှာလို့ သူထူးစံက ဆိုပါတယ်။

အကယ်ဒမီဆုကြီးကို ပူပူနွေးနွေး ရရှိထားတဲ့ သရုပ်ဆောင် သူထူးစံက ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသွေးကို သတိရလို့နေတာပါ။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ပြီး ညီအစ်ကို အရင်းလို ခင်ခဲ့ကြတာကြောင့် သူထူးစံ အကယ်ဒမီ ရတယ်ဆိုတာ သိရင် မင်းသွေးတစ်ယောက် အရမ်းပျော်နေမှာလို့ သူထူးစံက ဆိုပါတယ်။



“ကျွန်တော် အကယ်ဒမီ ရရင် မင်းသွေးအရမ်းပျော်မှာ။ အဲ့ဒါကျွန်တော်ယုံတယ်။ ကျွန်တော့်ကို သူအရမ်း ချစ်တယ်။ သူ့ကိုလည်း ကျွန်တော်အရမ်းချစ်တယ်။ ကျွန်တော်တို့ အချင်းချင်း အရမ်းချစ်ကြတာ။ ကျွန်တော်သာ အကယ်ဒမီရတာ သူသိရင် အရမ်းပျော်မှာ” လို့ မတ်လ(၂၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ အကယ်ဒမီ ညစာစားပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

သူထူးစံဟာ ၂၀၁၈ခုနှစ်အတွက် ပေးအပ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ သမန်းကျား ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ပိုင်ဆိုင်သွားခဲ့သူလည်း ဖြစ်ပါတယ်။ အခုလို အကယ်ဒမီဆုကြီးကို ပိုင်ဆိုင်ခွင့်ရတဲ့အတွက်လည်း အရမ်းကို ပျော်မိပါတယ်လို့ ဆိုပါတယ်။သူ့အနေနဲ့ အကယ်ဒမီ ရသင့်တာဟာ လွန်ခဲ့တဲ့ ၁၁နှစ်လောက်ကတည်းကပါလို့လည်း မီဒီယာတွေကို ပြောပြခဲ့ပါသေးတယ်။

“ကျွန်တော်အနုပညာအလုပ်လုပ်နေတာ ၂၁နှစ် ရှိပါပြီ။ အကယ်ဒမီ ရသင့်တာကတော့ လွန်ခဲ့တဲ့ ၁၁နှစ်လောက်တကည်းက ရသင့်တာပါ။ ကျွန်တော် တစ်ကားရိုက်ရင် တစ်ကား ဆန်ခါတင်ထဲပါတယ်။ အဲ့တုန်းက ဘာသံမှမထွက်ဘူး။ ကျွန်တော်က အနုပညာအလုပ်လုပ်နေရရင် ပျော်နေတာပါ” လို့ သူက ဆိုပါတယ်။

Photo : ထိုက်ဆုဝင်း

သူထူးစံဟာ လက်ရှိမှာ မိသားစုဘက်ကို အချိန်ပေးဖြစ်နေပြီး အနုပညာအလုပ်လေးတွေကို ခဏတာ နားထားတယ်လို့ သိရပါတယ်။မိသားစုကို အချိန်ပေးပေမယ့်လည်း အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ ဇာတ်ကားတွေ အများကြီး ရိုက်သွားမှာ မဟုတ်ဘဲ သူနဲ့ အဆင်ပြေမယ့် ဇာတ်ကားလေးတွေကို ရွေးချယ်ရိုက်ကူးသွားမှာလို့ ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က