အကယ်ဒမီဆုရဖို့ ထိုက်တန်ကြသူတွေပါ။

နေတိုးဟာ အကယ်ဒမီဆုရရှိခဲ့ကြတဲ့ အနုပညာညီအစ်ကိုတွေဖြစ်တဲ့ သရုပ်ဆောင် သူထူးစံနဲ့ ကျော်ကျော်ဗိုတို့အတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်လို့နေပါတယ်။ သူ့အတွက် အကယ်ဒမီ မှန်းပေးခဲ့ကြတဲ့ ပရိသတ်တွေအတွက်လည်း အားပေးစကားပြောလာပါတယ်။

သရုပ်ဆောင်နေတိုးက ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’မုန်းစွဲ’’ရုပ်ရှင်ကားဟာ အကယ်ဒမီဆု ၄ ဆု ချိတ်နိုင်ခဲ့လို့ ဝမ်းသာပျော်ရွှင်နေတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ကျွန်တော်တို့ ပါဝင်တဲ့ မုန်းစွဲ ဇာတ်ကားက ဆု ၄ ဆုတောင်ရတယ်ပေါ့နော်။ ဝမ်းအသာဆုံးကတော့ ကိုကြံ့ရယ်၊ ဒါရိုက်တာရယ်၊ DOP ရယ်ပေါ့နော်။ ဒီဇာတ်ကားမှာ သူတို့သုံးယောက်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ထိုက်တန်တယ်လို့မြင်ပါတယ်။ မုန်းစွဲဇာတ်ကားနဲ့ ကိုယ့်ညီအစ်ကိုတွေ ဆုရတဲ့အတွက် ဝမ်းလည်းဝမ်းသာပါတယ်။ ပျော်လည်း ပျော်တယ်’’ လို့ မတ်လ ၂၃ ရက်နေ့ ညက အကယ်ဒမီပေးပွဲမှာ ပြောခဲ့တာပါ။

အဲဒီနောက် ‘’မှော်ဝင်သမန်းကျား’’ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်သွားတဲ့ သရုပ်ဆောင် သူထူးစံ အတွက်ကိုလည်း အရမ်းပီတိဖြစ်တယ်လို့ နေတိုးက ဆက်လက်ပြောပြထားပါတယ်။

‘’ဆုရသွားတဲ့ ကျွန်တော့်သူငယ်ချင်း သူထူးစံဆိုလည်း ကျွန်တော်တို့နဲ့ အနုပညာသက်တမ်း ၁ နှစ် ၂ နှစ်လောက်ပဲ စောတာ၊ ပြီးတော့ သူငယ်ချင်းအရင်းလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်သူငယ်ချင်းတွေ ဆုရတဲ့အတွက် အရမ်းပီတိဖြစ်မိပါတယ်’’ လို့ မျက်နှာပေါ်က အပြုံးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြေဆိုခဲ့ပါတယ်။

နေတိုးဟာ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ သူ့ကို ချစ်တဲ့ ပရိသတ်တွေကိုလည်း စိတ်မညစ်စေချင်ဘူးလို့ ဆိုပါတယ်။

‘’အကယ်ဒမီ ဆု ဆိုတာကတော့ လွဲတတ်တဲ့အမျိုးပေါ့။ အခုဆိုရင်လည်း ကျွန်တော်တို့ ထင်ကြေး ပေးထားတဲ့သူတွေရှိတယ်။ မမျှော်လင့်ထားတဲ့သူတွေလည်း ရှိတယ်ဆိုတော့ ဒါက နှစ်စဉ် နှစ်တိုင်း အလိုလို ဖြစ်နေမှာပါပဲခင်ဗျ။ ကျွန်တော်လည်း အကယ်ဒမီနဲ့ ပတ်သက်တဲ့ အင်တာဗျူးတွေတိုင်းကို ပရိသတ်ကိုအမြဲတမ်း မျှော်လင့်ချက်တွေ မထားဖို့ ပြောပါတယ်။ ဒီလိုပဲ မျှော်လင့်ခွင့်ရှိတဲ့ ဇာတ်ကားတွေကို ကျွန်တော့်ရဲ့ အနုပညာတာဝန်တွေနဲ့အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်သွားပါမယ်။ စိတ်ညစ်နေတဲ့ ပရိသတ်တွေလည်း စိတ်မညစ်ကြဖို့ ၊ နောင်နှစ်တွေလည်း အများကြီး ရှိပါသေးတယ်လို့ ပြောချင်ပါတယ်’’ လို့ သူကဆိုပါတယ်။

နေတိုးက အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသားတစ်လက် ဖြစ်ပါတယ်။ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။



က္က