ဒီနေ့ စံထိပ်ထားရဲ့ မွေးနေ့ပါ။

အသက်(၁၆)နှစ်ပြည့် မွေးနေ့အလှူ အဖြစ် အလှူငွေ (၁၆)သိန်းကို လှူခဲ့ပါသေးတယ်။


 

ဒီနေ့(နိုဝင်ဘာ၂၆)ရက်)က သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးရဲ့ အသက်(၁၆) နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မှာ ငယ်စဉ်က သူမတက်ခဲ့ရတဲ့ ဟယ်လ်ပင်ကလေး ဆေးရုံမှာ မွေးနေ့အလှူသွားလုပ်ခဲ့ပါတယ်။ အသက်(၁၆)နှစ်ပြည့် မွေးနေ့အလှူ အဖြစ် အလှူငွေ (၁၆)သိန်းကို လှူခဲ့ပါသေးတယ်။

"သမီးက ဒီဆေးရုံမှာ မွေးပြီးကတည်းက တစ်လခွဲလောက် နေခဲ့ရတယ်လေ။ အကုန်လုံးကကျေးဇူးရှိတယ်။ အဲ့အတွက်  ပြန်လှူခဲ့တာပါ။ ဒီနေ့ ကိုယ့်မွေးနေ့မှာ ကိုယ့်အနုပညာကြေးနဲ့ လှူရတာဖြစ်လို့ အရမ်းဝမ်းသာတယ်။ ကုသိုလ်ရတယ်လို့ ခံစားရတယ်။မေမေနဲ့ ဖေဖေရဲ့ ကျေးဇူး ကိုလည်း သတိရလာတယ်လို့ " မွေးနေ့ရှင်မလေး စံထိပ်ထားဦးက Duwun Media သို့ ပြောပါတယ်။

သမီးလေးအတွက် မေမေခိုင်သင်းကြည်ရဲ့ မွေးနေ့ဆုတောင်း 

စံထိပ်ထားဦးကို (၇)လနဲ့ ပေါင်မပြည့်ဘဲ မွေးခဲ့ရတာဖြစ်ပြီး မွေးမွေးပြီးချင်းမှာ မိခင်နဲ့ခွဲကာ ဟယ်လ်ပင်ကလေးဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ခိုင်သင်းကြည်က ပြောပြခဲ့ပါတယ်။

"သမီးလေးကို SSC မှာ မွေးပြီး ပေါင်မပြည့်တော့ ဒီကလေးဆေးရုံမှာ ဆေးကုဖို့ ခေါ်လာရတယ်။  မွေးမွေးပြီးချင်း သမီးလေးကို ခဏပဲ တွေ့ပြီး အောက်စီဂျင်တွေနဲ့ သူ့အဖေနဲ့ သူ့အဖွားနဲ့ ဒီဆေးရုံကို ခေါ်လာတာ။ အဲ့အချိန်မှာ အမကတော့ အရူးလိုပဲ ဆေးရုံမှာ ကျန်ခဲ့ရတာ။ တစ်လခွဲလောက်ကလေးက ဆေးရုံတက်လိုက်ရတယ်။  မီးတွင်း၄၅ရက်စလုံးမှာ နေ့တိုင်းမျက်ရည်ကျရတယ်။ ပိုက်တွေကလည်း တစ်ကိုယ်လုံးစွတ်ပြီးနေရတယ်။ ကလေးက မွေးတော (၂) ပေါင်ပဲ ရှိတာ။ ပေါင်လည်းမပြည့်ဘူးလလည်းမစေ့ဘူး ဒီဆေးရုံက ဆရာဝန်တွေက ကြိုးစားပေးမယ်မသေချာဘူးလို့ပြောခဲ့တာ။ အဲ့တုန်းကဆိုတော်တော်ခံစားရတယ်" ဆိုပြီး ခိုင်သင်းကြည်က ပြောပြခဲ့ပါတယ်။

 

စံထိပ်ထားဦးက လက်ရှိမှာတော့ မေမေ ခိုင်သင်းကြည်နဲ့အတူ အနုပညာအလုပ်တွေ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အခုဆိုရင် တီဗီကြော်ငြာတော်တော်များများ ရိုက်ကူးနေတာဖြစ်ပါတယ်။ ရရှိလာတဲ့ အနုပညာကြေးတွေကိုလည်း မိဘနှစ်ပါးကို အကုန်အပ်တယ်လို့ ဆိုပါတယ်။

'' ကိုယ်ရရှိထားတဲ့ အနုပညာကြေးထဲကပဲ ထိပ်ထိပ် ဝယ်ပေးထားတာပါ။ ကိုယ့်အတွက် ပေးထားတဲ့ဟာ ဆိုပေမယ့်လည်း မေမေ့ကြောင့်ပဲ ထိပ်ထိပ်ကို လာပြီးတော့ ကမ်းလှမ်းကြတာပါ။ ထိပ်ထိပ်သာ ဘာမှမဟုတ်ဘူးဆို ဘာမှလည်း ကမ်းလှမ်းကြမှာ မဟုတ်ဘူး။ ဒီလိုလည်း လုပ်ခွင့်ရမှာ မဟုတ်ပါဘူး။ မေမေ့ကြောင့်မို့လို့ပဲ အကုန်ဖြစ်လာတာ'' လို့ သူကပြောပါတယ်။

သရုပ်ဆောင်အကယ်ဒမီ ခိုင်သင်းကြည်ကတော့ သူ့ရဲ့ ချစ်စရာကောင်းလှတဲ့ တစ်ဦးတည်းသောသမီးလေး စံထိပ်ထားဦးကိုတော့ လက်ရှိမှာ စာကိုပဲ အဓိက လုပ်စေချင်တယ်လို့ ဆိုပါတယ်။ သမီးလေးကိုလည်း လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမဖြစ်တဲ့အကြောင်းကိုလည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က