သူငယ်တန်းကတည်းက အရမ်းစာကြိုးစားတဲ့ သမီးလေးပါ။

လူရွှင်တော် ဂေါ်ဇီလာတဲ့ သမီးငယ်လေး မသမီးချောကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူး(၅) ဘာသာနဲ့ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ 

Photo: Gaw Zi Lr



လူရွှင်တော်ကြီး ဂေါ်ဇီလာကိုတော့ သီးလေးသီးဟာသအဖွဲ့ဝင် တစ်ယောက်အဖြစ် လူသိများပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့ သမီးငယ်လေးဟာ ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူး(၅) ဘာသာနဲ့ နှစ်ချင်းပေါက် အောင်မြင်ခဲ့တယ်ဆိုတာကို Duwun ကနေ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ သူ့ရဲ့ ပီတိစကားကို ပြောပြလာပါတယ်။ 

“ ကျွန်တော့် သမီးနာမည်ကတော့ သမီးချောလို့ ခေါ်ပါတယ်။ စာမေးပွဲ အောင်တာကတော့ အ.ထ.က(၂) အင်းစိန် ကျောင်းက အောင်တာပါ။ (၅) ဘာသာဂုဏ်ထူးပါတယ်။ ရူပဗေဒ ဘာသာရပ် တစ်ခုတည်းပဲ ဂုဏ်ထူး မပါတာပါ။ သမီးကတော့ ဆရာဝန်ဖြစ်ချင်တယ်ပြောတယ်။ သူ့ ရည်မှန်းချက်လေးကတော့ မဆိုးဘူး။ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ ဆန္ဒလိုပဲ သမီးလေးကလည်း အကောင်းဆုံး ကြိုးစားပါတယ်” လို့ ဆိုပါတယ်။ 

Photo: Gaw Zi Lr

သမီးလေးကို ကျောင်းကောင်းကောင်းမှာ မထားပေးနိုင်ခဲ့လို့လည်း စိတ်မကောင်းဖြစ်ရတယ်လို့ ဂေါ်ဇီလာက ဆိုပါတယ်။ အခြေခံလူတန်းစားအဖြစ် ဘဝကို ရုန်းကန်နေရတဲ့ အချိန်မှာ သမီးလေးက ပညာရေးမှာ ထူးထူးချွန်ချွန် အောင်မြင်ခဲ့လို့လည်း အတိုင်းမသိစိတ်ကျေနပ်မိတယ်လို့ ဆက်လက် ပြောပြလာပါတယ်။ 

“ ဖခင်တစ်ယောက်အနေနဲ့ကတော့ အတိုင်းမသိအရမ်းဝမ်းသာတယ်။ သူကိုယ်တိုင်ကလည်း သူငယ်တန်းတက်စဉ်ကတည်းက အဆင့် (၁)၊ (၂) ဆိုပြီးတော့ ကြိုးစားလာခဲ့တာလေ။ ကျွန်တော်တို့ အနေအထားက အခြေခံလူတန်းစားပါ။ သမီးလေးကို ကျောင်းကောင်းကောင်းလည်း မထားနိုင်ပါဘူး။ ဂိုက်လည်း မထားပေးနိုင်တဲ့အတွက် သူ့ဘာသာသူ ပင်ကို အစွမ်းအစလေးတွေနဲ့ အခုလို အောင်မြင်မှု ရလာတဲ့ အပေါ်မှာ အတိုင်းမသိ ဝမ်းသာမိတာပေါ့ဗျာ” လို့ ဆိုပါတယ်။ 

Photo: Gaw Zi Lr

ဂုဏ်ထူး(၅) ဘာသာနဲ့ အောင်မြင်ခဲ့တဲ့လူရွှင်တော် ဂေါ်ဇီလာရဲ့ သမီးလေး အတွက် အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေ၊ အပေါင်းအသင်းတွေကလည်း ဝမ်းသာဂုဏ်ယူနေကြတာတွေကို လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ရေးသားထားကြပါသေးတယ်။ ဂေါ်ဇီလာဟာ အနုပညာလောကထဲကို လူရွှင်တော် တစ်ယောက်အဖြစ် စတင်ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ဇာတ်ပို့ သရုပ်ဆောင် တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က