အလုပ်တွေ မလုပ်ဖြစ်တာ ကြာပြီ။
Sabal Thwin

ဇေယျာသော်ကတော့ အခုဆိုရင် ACIDအဖွဲ့ နဲ့ သီချင်းအသစ်တွေလုပ်နေပြီလို့ သိရပါတယ်။ အနုပညာအလုပ်တွေကိုလည်း ရန်ရန်ချမ်းနဲ့ အနဂ္ဂတို့ ဆုံးဖြတ်တာ များတယ်လို့ ဆိုပါတယ်။ 

Photo: Phyo Zeya Thaw

၂၀၀၀ ခုနှစ်အတွင်းမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ACID အဖွဲ့ဝင် ဇေယျာသော်ကတော့ ဂီတအလုပ်တွေနဲ့ အလှမ်းဝေးနေခဲ့တာ ကြာပါပြီ။ အခုချိန်မှာတော့ ACID အဖွဲ့နဲ့ အတူ အနုပညာအလုပ်တွေပြန်လုပ်နေပြီလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ကျွန်တော်ကတော့ တစ်ဖက်မှာ တာဝန်ထမ်းဆောင်စရာလေးတွေလည်းရှိတဲ့အခါကျတော့ အနုပညာအလုပ်နဲ့ အဆက်ပြတ်သလိုဖြစ်တာပေါ့နော်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ ACID အဖွဲ့အနေနဲ့ သီချင်းအသစ်လေးတွေ ကြိုးစားပြီးသွားတော့ နောက်ထပ် သီချင်းတွေလည်း အသံသွင်းနေတာတွေရှိပါသေးတယ်။ တစ်ကိုယ်တော်အခွေကတော့ လုပ်ဖြစ်မှာ မဟုတ်ဘူး။ ACID အနေနဲ့ကတော့ လုပ်ဖြစ်မယ်။ ရန်ရန်ချမ်းရဲ့ အခွေ ထွက်နိုင်ဖို့အတွက်ကတော့ ကျွန်တော်တို့ ၃ယောက်စလုံး ဝိုင်းတွန်းအားပေးပြီးတော့ လုပ်နေပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Phyo Zeya Thaw

ဇေယျာသော်ဟာ ဂီတအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပေမယ့် ACID အဖွဲ့ရဲ့ အမာခံ ပရိသတ်တွေကတော့ သူ့ကို အားပေးနေကြတုန်းပါပဲ။ ဒါကြောင့် ACID အဖွဲ့ရဲ့ သီချင်းတွေလည်း ထွက်လာတော့မယ်လို့ ဇန်နဝါရီ်လ ၁၁ ရက်နေ့က “ဂန္ဓဗ္ဗ” ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ ကျွန်တော်တို့တွေ ဆုံပြီးတော့ သီချင်းလုပ်တာကလည်း အခွေထွက်ဖို့ဆိုတာကို Target ထားပြီးတော့ လုပ်တာ မဟုတ်ဘူး။ ကျွန်တော်တို့ ဆုံကြတယ်ဆိုရင် သီချင်းအသစ်တစ်ခုခုလုပ်ဖို့အတွက်၊ ကျွန်တော်လည်း ရန်ကုန်ပြန်ရောက်တယ် ဆိုရင် အားရင်အားသလို စတူဒီယိုမှာတွေ့ကြတယ်၊ ACID အနေနဲ့ အခွေလုပ်မယ်ဆိုတာကို မတွေးထားပေမယ့်လည်း သီချင်းအသစ်လေးတွေ ထွက်လာဖို့ ကြိုးစားနေကြပါတယ်” လို့ ပြောပါတယ်။ 

Photo: Phyo Zeya Thaw

ဇေယျာသော်ဟာ အနုပညာအလုပ်တွေနဲ့ ပတ်သက်လာရင် ရန်ရန်ချမ်းတို့ကို ဆုံးဖြတ်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။ ဂီတအလုပ်တွေကိုလည်း အရင်ကထက်ပိုလုပ်ဖြစ်ပါတယ်တဲ့။  

“အခုဆိုရင်တော့ ကျွန်တော်တို့တွေ ဂီတဘက်ကို ပိုလုပ်ဖြစ်လာတယ်။ အခုလည်း ဖျော်ဖြေရေးတွေ သီဆိုနေရတာပဲလေ။ ကျွန်တော်က အနုပညာလောကထဲမှာ တောက်လျှောက်ရှိနေတာ မဟုတ်တော့ အနုပညာပိုင်းဆိုင်ရာ ကိစ္စတွေဆိုရင် ရန်ရန်ချမ်းတို့ ဆုံးဖြတ်တာများတယ်။ အဲဒါပြီးတော့မှာ သူတို့က ဟေ့ကောင်ရေ ငါတို့ ဘာလုပ်စရာတော့ရှိတယ် ပြန်လာခဲ့ဦးဆိုတော့မှ ပြန်လာဖြစ်တာပေါ့” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Phyo Zeya Thaw

ဇေယျာသော်ကိုတော့ ACID အဖွဲ့ဝင်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ ACID အဖွဲ့မှာတော့ ရန်ရန်ချမ်း၊ ဇေယျာသော်နဲ့ အနဂ္ဂတို့ ပါဝင်ပါတယ်။ အဲဒီနောက်မှာတော့ လွှတ်တော်အမတ် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေကို တဖြည်းဖြည်းလုပ်ကိုင်လာပြီဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က