အဖေလို့ ခေါ်လေ့ရှိတဲ့အကြောင်းတွေ ပြောပြလာပါတယ်။

ဦးမိုးဒီ ကို သရုပ်ဆောင် အောင်ရဲလင်းက “အဖေ” ဆိုပြီးတော့ အမြဲတမ်း ခေါ်လေ့ရှိတဲ့အကြောင်းကို ပြောပြလာပါတယ်။ 

Photo: Moe D



ဟာသသရုပ်ဆောင် လူရွှင်တော် ဦးမိုးဒီကတော့ သူ့ကို သရုပ်ဆောင် အောင်ရဲလင်းက “အဖေ” ဆိုတဲ့ နာမ်စားလေးနဲ့ အမြဲခေါ်လေ့ရှိတဲ့အကြောင်းကို ပြောလာပါတယ်။ အလုပ်တွေလည်း အတူတူလုပ်ခဲ့ဖူးတာတွေ များတယ်လို့ သူက ဆိုပါတယ်။ 

“အောင်ရဲလင်းက ကျွန်တော်နဲ့ ဇာတ်ကားရိုက်တိုင်း ကျွန်တော့်ကို အဖေလို့ တရိုတသေ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူကလည်း ကျွန်တော့် သားအရွယ်ပဲလေ။ သူနဲ့ ဗီဒီယိုခေတ်တုန်းက ဟာသဇာတ်ကားတွေ တော်တော် ရိုက်ဖြစ်ခဲ့တယ်။ အဲဒီတော့ ကိုယ့်ကိုလည်း ချစ်စနိုးနဲ့ အဖေ အဖေ လို့ပဲ ခေါ်တယ်” ဆိုပြီးတော့ မတ်လ ၈ ရက်နေ့ မနက်ပိုင်းက ဥုံဖွ ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Aung Ye Linn

မတ်လ ၁၂ ရက်နေ့မှာ ရုံတင်ပြသသွားမယ့် ဥုံဖွ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း မိုးဒီက အောင်ရဲလင်းနဲ့ တွဲဖက် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲက ဇာတ်ကောင်စရိုက်တွေနဲ့ ပတ်သက်ပြီးတော့လည်း အမှတ်တရတွေ အများကြီးရှိခဲ့တဲ့အကြောင်း သူက ပြောပြခဲ့ပါတယ်။ 

“ ဒီဇာတ်ကားထဲမှာ အောင်ရဲလင်းက ပြဿနာတွေကို သူက လိုက်ဖွတာပေါ့။ ဦးမိုးဒီက ကျတော့ လူကြီးရူး။ ပြဿနာ တစ်ခုခုတွေ့ပြီဆိုရင် အောင်ရဲလင်းက ဥုံဖွ ဆိုတဲ့ အတိုင်း ဖွတယ်၊ သူ ပြဿနာကို ရှင်းမယ်ဆိုတိုင်း ရှင်းတယ်။ မနိုင်တော့ရင် လူကြီးရှင်းပေးလိမ့်မယ်ဆိုပြီးတော့ လူကြီးဆီရောက်လာတယ်။ ကိုယ်ကလည်း လူကြီးရူးဆိုတော့ လူကြီးပီသအောင် ပိုက်ဆံလေးတွေ စိုက်ရှင်းတာမျိုး၊ တစ်နေရာရာဆိုင်ထိုင်ပြီဆို ကိုယ်က ရှင်းတာမျိုးတွေလုပ်တယ်။ ဒီလိုပဲ တိုက်ဆိုင်မှုလေးတွေကနေ ဟာသဖြစ်လာတာပေါ့” လို့ သူက ဆိုပါတယ်။ 

Photo: Moe D

မိုးဒီကတော့ လက်ရှိမှာ ဇာတ်ကား ရိုက်ကူးမှုတွေ လျော့နည်းသွားပြီဖြစ်ပါတယ်။ သူဟာ မိသားစု စီးပွားရေးတစ်ခု အနေနဲ့ မုန့်ဟင်းခါး(အသင့်စား) အထုပ်ငယ်လေးတွေကို ရောင်းနေတယ်လို့လည်း သိရပါတယ်။ ကျန်းမာရေး အခြေအနေကြောင့်လည်း ဇာတ်ကားတွေသိပ်မရိုက်နိုင်တော့ဘူးလို့ ပြောပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းတုန်းကတော့ “ဆူးပန်းခွေ နွယ်ဘယက်နဲ့ ပေရွက်လိပ် နားတောင်းဆင်” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးထားတယ်လို့ သိရပါတယ်။ 

Photo: Moe D

မိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပါတယ်။ တီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၄၀ ကျော် ရှိပြီဖြစ်ပါတယ်။ အနုပညာမျိုးဆက်အနေနဲ့ သားဖြစ်သူ ကောင်းစံကလည်း လူရွှင်တော်၊ ဟာသသရုပ်ဆောင် အလုပ်ကို လုပ်ကိုင်နေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က