အဖေက ကျွန်တော့်အပေါ်မှာ အရမ်းကောင်းခဲ့တယ်။

စူးရှကတော့ သူ့မျက်စိရှေ့မှာတင် ရုတ်တရက် ကွယ်လွန်သွားခဲ့တဲ့ ဖခင်အတွက် အရမ်းကို စိတ်မကောင်းဖြစ်ပြီး ကြွေကွဲလို့နေပါတယ်။ သူ့အပေါ်မှာ အရမ်းကောင်းခဲ့တဲ့ ဖခင်အပေါ် သူတာဝန်မကျေသလို ခံစားမိတယ်လို့ ဆိုပါတယ်။

 

Photo : စူးရှ

သရုပ်ဆောင် စူးရှရဲ့ ဖခင် ၊ ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်ဟာ ဇူလိုင်(၂၁)ရက်နေ့ ည(၈)နာရီ ဝန်းကျင်လောက်က ဦးနှောက်သွေးကြောပြတ်ကာ ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။ မျက်စိရှေ့တင် ဖြစ်သွားခဲ့တဲ့ ဖခင်ရဲ့ အဖြစ်အပျက်ကို ကြည့်ပြီး စူးရှတစ်ယောက် ဖြေမဆည်နိုင် ဖြစ်လို့နေခဲ့ပါတယ်။

“အဖေက ကားကို လမ်းတစ်ဖက်မှာရပ်ပြီး လမ်းကူးလာတာ။ လမ်းလျှောက်လာပြီး အိမ်ထဲကို ဝင်တဲ့အချိန်မှာ ဒုန်းခနဲဆိုပြီး လဲကျသွားတာ။ ကျွန်တော်ဖြစ်ဖြစ်ချင်း မန္တလေး ဆေးရုံကြီးသွားပို့တယ်။ လုံးဝကို အသက်မမီတော့ဘူး။ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးသွားတာပါ” လို့ စူးရှက Duwun Media ကို ပြောပါတယ်။



ဖခင်ဟာ သူ့ကို မင်းသားတစ်ယောက် ဖြစ်စေချင်ခဲ့ပေမယ့် သူ့အနေနဲ့ ဖြစ်အောင် မကြိုးစားနိုင်ခဲ့သလို ဖခင်မျှော်လင့်ထားသလောက် မဖြစ်ခဲ့တဲ့အတွက်လည်း အရမ်းစိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။

“သူက သူ့သားကို အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်စေချင်ခဲ့တယ်။ အဲဒီအိမ်မက်တွေကတော့ ကျွန်တော်ငယ်စဉ်က အနုပညာစလှုပ်ရှားတဲ့ အချိန်တုန်းကတော့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အဖေမျှော်လင့်ထားသလောက် အဖေဖြစ်စေချင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် မဖြစ်ခဲ့ဘူး။ ကျွန်တော်အဲ့ဒါကို စိတ်မကောင်းဘူး။ ကျွန်တော့်ကို အဖေက အရမ်းဖြစ်စေချင်တာ။ကျွန်တော်တာဝန်မကျေ လိုက်ဘူး။ အဖေက ကျွန်တော့်အပေါ်မှာ အရမ်းကောင်းတယ်။ ကျွန်တော်ဆိုးလည်း ကျွန်တော့်ဘက်မှာ အမြဲတမ်း ရှိတယ်။ ကျွန်တော်ဘယ်လောက် ဆိုးဆိုး သူပြန်ပြီးလမ်းပြပေးတယ်။ အခုလည်း ကျွန်တော်ငိုတာ သူကြိုက်မှာမဟုတ်ဘူး။ ဒါပေမယ့် အဖေရယ်……..” ဆိုပြီး ဆက်လက်ပြောပြခဲ့ပါတယ်။

ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်ဟာ ဇူလိုင်(၂၁) ရက်နေ့ ည(၈)နာရီဝန်းကျင်က ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက် ဆုံးပါးသွားခဲ့တာပါ။ သူ့ရဲ့ သတင်းကိုကြားပြီး အနုပညာလောကသားများ၊ ပရိသတ်များအားလုံးက စိတ်မကောင်း ဖြစ်လို့နေပါတယ်။ အောင်ဇော်ကို ဇူလိုင်(၂၃) ရက်နေ့ နေ့လည်(၁း၀၀)နာရီ မှာ မန္တလေး ကြာနီကန် သုဿန်မှာ ဂူသွင်းသဂြိုလ်သွားမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က