ဒီကောင်က တော်တော် ပျော်တတ်တဲ့ကောင်ဗျ။

ဖြိုးငွေစိုး က ဟာသတွေ အမြဲတမ်းလုပ်တတ်တဲ့ အောင်ရဲထွေးနဲ့ သရဲကားရိုက်ခဲ့တဲ့ အမှတ်တရ ကို ပြောပြလာပါတယ်။ ဒီဇာတ်ကားရုံတင်တော့မယ်ဆိုတော့ သတိရမိတယ်လို့ဆိုပါတယ်။

Photo: ArKar



ဖြိုးငွေစိုးကတော့ “ကြိုးဖုန်း” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသတော့မယ့်အချိန်မှာ အောင်ရဲထွေးကို သတိရတဲ့အကြောင်းတွေ ပြောလာပါတယ်။ ဇာတ်ကားရုံတင်တဲ့အချိန်မှာ အောင်ရဲထွေးကို ရှိစေချင်တယ်လို့ မီဒီယာ အင်တာဗျူးတွေ ကနေတဆင့် ပြောပြခဲ့ပါတယ်။

“ဒီဇာတ်ကားထဲမှာ သူနဲ့ ကျွန်တော်နဲ့က အနီးဆုံးနေရတာလေ။ ဒီဇာတ်ကားရုံတင်တဲ့အချိန်မှာလည်း ဒီကောင်သာရှိရင် ယောက်ယက်ခတ်ဆုံးဖြစ်မှာ။ ဒါရိုက်တုန်းကဆိုရင် သူ့ကိုယ်သူ တအားစိတ်ပူတာ ကျွန်တော် လုပ်တတ်ပါ့မလားဆိုပြီးတော့ပေါ့။ သူ့ကိုလည်း ရှိစေချင်ပါတယ်။ ဒါကတော့ ဒီဇာတ်ကားရုံတင်တဲ့အချိန်မှာ ကျွန်တော့်အတွက် သတိရစရာလေးတွေပေါ့” လို့ ဆိုပါတယ်။

Photo: ArKar

အဲဒီနောက် အောင်ရဲထွေးရဲ့ သရုပ်ဆောင်မှုတွေ အပေါ်မှာလည်း ဖြိုးငွေစိုးက သုံးသပ်ပြောပြလာပါတယ်။ ဟာသအမှတ်တရလေးတွေလည်းရှိတယ်လို့ နိုဝင်ဘာလ ၁၈ ရက်နေ့က “ကြိုးဖုန်း” ရုပ်ရှင်ကားကြီး အထူးပြသပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

“ ဒီဇာတ်ကားထဲမှာတော့ အောင်ရဲထွေးပဲဖြစ်နေသေးတာပေါ့။ ဒီဇာတ်ကားရိုက်နေတဲ့အချိန်မှာလည်း သူက ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး ဇာတ်ကားတစ်ကားကို လာရိုက်နေတဲ့လူငယ်တစ်ယောက်၊ သရဲကြောက်တတ်တယ်၊ ပျော်ပျော်နေတတ်တယ်၊ ကျွန်တော်တောင် သူ့ကို နောက်နေသေးတယ်။ မင်းက ဟာသရိုက်တဲ့လူကို သရဲကားခေါ်ရိုက်တော့ တိုင်ပတ်နေပြီပေါ့။ မင်းနဲ့ငါ ဘဝတူတယ်ဆိုပြီးတော့တောင် နောက်နေသေးတယ်” လို့ ဆိုပါတယ်။

Photo: ArKar

ကြိုးဖုန်း ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ နိုဝင်ဘာလ ၂၁ ရက်နေ့ဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင် ဖြိုးငွေစိုး၊ အိန္ဒြာကျော်ဇင်၊ ရဲနောင်၊ ရွှေအိမ်စည်နဲ့ အောင်ရဲထွေးတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဇာတ်ကားအမျိုးအစားကတော့ ထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်လို့ သိရပါတယ်။

ဖြိုးငွေစိုးဟာ အနုပညာအလုပ်တွေ ဆက်တိုက်မလုပ်ဖြစ်ပေမယ့် ကမ်းလှမ်းလာတဲ့ ကာရိုက်တာ တိုင်းကိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသရုပ်ဆောင်လေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာလည်း ကာရိုက်တာ မရွေးပဲ ရိုက်ကူးလာတဲ့ ဇာတ်ကားတွေ ရှိပါတယ်။ သူရိုက်ချင်တဲ့ ကာရိုက်တာမျိုးကတော့ စိတ်ကူးထဲမှာပဲ ရှိသေးတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က