သရုပ်ဆောင် နေမျိုးအောင်ရဲ့ သားဖြစ်ပါတယ်။

မင်းထိုက်ကတော့ သရုပ်ဆောင်နေမျိုးအောင်ရဲ့ သား ဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်ကို ဝါသနာပါပေမယ့် ဖခင်ဖြစ်သူကို အားမကိုးဘဲသူ့ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့သာ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

Photo: Min Htike

သရုပ်ဆောင်နေမျိုးအောင်ရဲ့ သားဖြစ်သူ မင်းထိုက်ကတော့ ဖခင်လိုပဲ သရုပ်ဆောင် ဝါသနာပါသူ တစ်ယောက်ပါ။ သူဟာ ဖခင်ဖြစ်သူကို အားကိုးပြီး အနုပညာအလုပ်လုပ်တာထက် သူ့ကိုယ်တိုင် ကြိုးစားအားထုတ်မှုနဲ့သာ အနုပညာအလုပ်တွေလုပ်ချင်တယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။

‘’ နောက်ခံရှိပေမယ့် ကိုယ်ကြိုးစားမှ ကိုယ်ဖြစ်တာ၊ ကိုယ့်လမ်းကြောင်း ကိုယ်ဖောက်ရမှာ အနုပညာအလုပ်မှာ အောင်မြင်ဖို့ဆိုတာကလည်း ကံရယ်၊ ဉာဏ်ရယ်၊ စန်းရယ်၊ ဝီရိယရယ် လိုတယ်။ မင်းသားတစ်ယောက်ရဲ့ သားက မင်းသားဖြစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်တော့်ရဲ့ ကြိုးစားမှု၊ ကျွန်တော့်ရဲ့ အားထုတ်က အရေးပါ ပါတယ်။ အဖေရှိတယ်၊ အဖေ့ကြောင့် ဆိုတာကို ကျွန်တော်မလိုချင်ပါဘူး။ ကိုယ့်လမ်းကြောင်းပဲ ကိုယ်ဖောက်ချင်တာပါ’’ ဆိုပြီးတော့ Star Awards မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Min Htike

မင်းထိုက်ဟာ သရုပ်ဆောင်နေမျိုးအောင်ရဲ့ သားဖြစ်တယ်ဆိုတာကို သိတဲ့သူတွေ ရှားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူမှုကွန်ယက်စာမျက်နှာ အသုံးပြုတဲ့သူတွေကတော့ သိတယ်လို့ ပြောခဲ့ပါသေးတယ်။

‘’ ကျွန်တော်ဘယ်သူလဲ ဆိုတာကို မသိတဲ့သူက ပိုများတယ်ခင်ဗျ။ အဖေကကျတော့ ပွဲတွေ သိပ်မတက်ဖြစ်ဘူး။ တကယ်လို့ ပွဲတက်ရင်လည်း ကျွန်တော်က ပါမသွားဘူး။ ကျွန်တော့်ကိုလည်း ဖေ့စ်ဘွတ်ထဲက လူတွေလောက်ပဲ သိကြတာ အပြင်လူတွေကတော့ ကျွန်တော်ဘယ်သူလဲ ဆိုတာ သိပ်မသိကြပါဘူး’’လို့ သူကဆိုပါတယ်။

Photo: Min Htike

နေမျိုးအောင်ဟာ သားဖြစ်သူရဲ့ ဝါသနာကို လွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။ ဒါကြောင့် မင်းထိုက်ကလည်း ကြိုးကြိုးစားစားနဲ့ အနုပညာအလုပ်တွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

‘’ အဖေကတော့ ကျွန်တော့်ဝါသနာအရ လမ်းကြောင်းဖွင့်ပေးထားတယ်။ ကိုယ်လုပ်ချင်တာ လုပ်ခွင့်ပေးထားတယ်။ ပြီးရင် ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်ဖောက်ပေါ့။ ကျွန်တော်ကလည်း ဒီအနုပညာအလုပ်ကိုပဲ ငယ်ငယ်လေးကတည်းက ဝါသနာပါခဲ့တာပါ။ ဒီအတွက် တစိုက်မတ်မတ်လုပ်မယ်လို့လည်း ကျွန်တော် စဉ်းစားထားပါတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Min Htike

မင်းထိုက်ဟာ ဧပြီလ ၅ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Star Awards ဆုရွေးချယ်ပွဲမှာ ဗန်းကိုင် တစ်ဦးအဖြစ်ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ ဖခင်ဖြစ်သူ နေမျိုးအောင်နဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။



က္က