ရတဲ့ငွေကြေး အကျိုးအမြတ်များကို မိဘမဲ့ကလေးများအတွက် ပြန်လည်အသုံးပြုမှာပါ။

 အမေရိကန်ဒါရိုက်တာ ရိုက်ကူးသွားမယ့် “မေတ္တာ” ရုပ်ရှင်ဇာတ်ကားမှာ လူမင်း၊ ထွန်းအိန္ဒြာဗိုတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာပါ။ ရန်ကုန်မြို့နဲ့ မန္တလေးမြို့ရဲ့ အလှတရားတွေကို ထည့်သွင်းရိုက်ကူးသွားမှာလည်း ဖြစ်ပါတယ်။

 

အမေရိက နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပထမဆုံး အကြိမ် ပူးပေါင်း ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကား ကြီးက  “မေတ္တာ” ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကို နိုင်ငံတကာရုပ်ရှင်ပွဲတော်များမှာ ဆုပေါင်းများစွာ ဆွတ်ခူးထားတဲ့ အမေရိကန် ဒါရိုက်တာ Graham Streeter နှင့် မြန်မာနိုင်ငံက ဒါရိုက်တာ ဆွေဇင်ထိုက်တို့က အတူတကွ လက်တွဲပြီး ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲအခမ်းအနားကို ဒီနေ့(ဇွန်လ၂၉ရက်) နံနက်ပိုင်းက ရွှေတိဂုံဘုရား အောင်မြေမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ လူမင်း၊ ထွန်းအိန္ဒြာဗို၊  Gim Mung  တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ “မေတ္တာ” ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ပါဝင်သရုပ်ဆောင်မယ့် လူမင်းက ယခုလို ပြောပြခဲ့ပါသေးတယ်။

“ဇာတ်ကားက မေတ္တာဆိုတဲ့အတိုင်းပဲ ဇာတ်လမ်းက ရိုးပါတယ်။ မိသားစုမေတ္တာ၊ မိဘမေတ္တာကို ဖော်ကျူးတာပါပဲ။ ဒါပေမယ့် ထူးခြားနေတာလေးက မြန်မာနဲ့ အမေရိကန်နဲ့ ဖက်စပ်ပြီး ရိုက်တယ်။ မိသားစုမေတ္တာ၊ မိဘမေတ္တာကို အကိုတို့ မြန်မာဒါရိုက်တာတွေ အကြိမ်ပေါင်းများစွာ ရိုက်ကူးနေကြပဲ ဒါပေမယ့် နိုင်ငံခြားသား ဒါရိုက်တာ တစ်ယောက်က မြန်မာကြိုက်တဲ့ မိဘမေတ္တာကို သူဘယ်လိုရိုက်မလဲဆိုတာကို ကိုယ်တို့ကိုယ်တိုင်ကိုက ရိုက်နေရင်းနဲ့ ကိုယ့်ကားကို ကိုယ်ပြန်ကြည့်ချင်နေတဲ့စိတ် ပေါ်လာအောင်ကို ဖြစ်မိတယ်” လို့ လူမင်းက ဆိုပါတယ်။

ဒီကားမှာ နောက်ထပ် ပါဝင်ခွင့်ရတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ထွန်းအိန္ဒြာဗိုကလည်း နိုင်ငံခြား ဒါရိုက်တာနဲ့ လက်တွဲလုပ်ခွင့်ရတဲ့အပေါ်ခံစားချက်ကို ယခုလို ပြောပြခဲ့ပါသေးတယ်။

“ဒီကားကိုတော့ အသေးစိတ်ပြောပြလို့မရသေးပါဘူး။ကျွန်မအနေအထားကတော့ မိခင်တစ်ယောက်ပါ။ မေတ္တာဖွဲ့ဇာတ်လမ်းလေးပေ့ါ။ သူတို့က အရမ်းပြင်ဆင်မှု အားကောင်းတယ်။ ကျွန်မတို့ လေ့လာစရာတွေ အများကြီးရှိပါတယ်။ ဒီဇာတ်ကားက ကျွန်မအတွက်ဆိုရင် လုပ်ခွင့်အများကြီး ရတဲ့ဇာတ်လမ်းဖြစ်တယ်။ ကျွန်မကို ခိုင်းတဲ့ဇာတ်လမ်းဖြစ်တယ်။ ကျွန်မကြိုးစားခွင့်ရတဲ့ဇာတ်ဖြစ်တယ်။ ဒီလိုဇာတ်မျိုးကို ကမ္ဘာကိုသိအောင် ဖြန့်ချိမယ်ဆိုတဲ့အတွက် အရမ်းဝမ်းသာတယ်” လို့ သူမက ဆိုပါတယ်။

"မေတ္တာ" ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့ရဲ့ အလှတရားတွေကို အထိက ထည့်သွင်းရိုက်ကူးသွားမှာ ဖြစ်သလို အမေရိက ရှိ ဇာတ်ဝင်ခန်းများကိုတော့ ဆန်ဖရန်စစ္စကိုမြို့ Bay Area မှာ ၂၀၁၉ခုနှစ် မတ်လ(၁၆) ရက်နေ့က ရိုက်ကူးပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။  ဒီဇာတ်ကားမှ ရရှိတဲ့ ငွေကြေး အကျိုးအမြတ်များကိုလည်း မိဘမဲ့ ကလေးများအတွက် အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က