ဒီနေ့ ရုံးချိန်းမှာ ပြောခဲ့တာပါ။
Ei Ei Myat

အစ္စဏီက ဒီနေ့ ရုံးချိန်းက အပြန် အမေနဲ့အဖွားကို စိတ်ပူကြောင်း ပြောခဲ့တာပါ။ အမေနဲ့ အဖွားက ကျန်းမာရေးမကောင်းတာကြောင့်လို့ သူက ဆိုပါတယ်။

ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ တရားစွဲဆိုခဲ့ထားရတဲ့ အဆိုတော် အစ္စဏီကို ဒီနေ့မေလ(၂၇) ရက်နေ့က တာမွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ တစ်နှစ်ကျော်ကြာ အမှုရင်ဆိုင်နေရတဲ့ အစ္စဏီဟာ အပြင်မှာ ရှိနေတဲ့ အမေနဲ့အဖွားကို စိတ်ပူကြောင်း ဒီနေ့ရုံးချိန်းကအပြန် မီဒီယာတွေကို ပြောခဲ့ပါတယ်။ ထို့အပြင် အစ္စဏီရဲ့ မိခင်ကလည်း သားလေး အမြန်ဆုံးပြန်လွှတ်နိုင်ဖို့အတွက် ပရိသတ်တွေ ဆုတောင်းပေးပါဦးလို့ မီဒီယာတွေကို ပြောခဲ့ပါသေးတယ်။

“အမေတွေ အဖွားတွေကို စိတ်ပူနေလို့တဲ့ သားက။ အန်တီကလည်း ကျန်းမာရေးမကောင်း အဖွားကလည်း ကျန်းမာရေး မကောင်းတော့ သူအရမ်းစိတ်ပူနေပြီလို့တော့ပြောတယ်။ ပရိသတ်တွေအားလုံးလည်း သားလေး အပြင်အမြန်ဆုံးပြန်ရောက်အောင် ဆုတောင်းပေးပါဦး” လို့အစ္စဏီရဲ့မိခင်ဒေါ်ဥမ္မာမြင့်က မေလ(၂၇) ရက်နေ့က မီဒီယာတွေကို ဖြေဆိုခဲ့တာပါ။

တရားလိုစူးရှထက်ဘက်က ကျေအေးဖို့ အစီအစဉ်ရှိခဲ့ပေမယ့်လည်း မေလ(၂၀) ရက်နေ့ ရုံးချိန်းအပြီးမှာတော့ မကျေအေးပေးနိုင်တော့ကြောင်း အမှုကို နေပြည်တော်အထိ ဆက်လက် တိုင်ကြားထားတယ်ဆိုလို့ မီဒီယာတွေကို ဖြေဆိုခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာတော့ သက်သေ(၂)ယောက်ကို စစ်ဆေးခဲ့ပြီး နောက်ထပ်ရုံးချိန်းကို ဇွန်လ(၇) ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ပါတယ်။ အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က