စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာမှာပါ။

‘’အဟောင်း’’ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ကျော်ကျော်ဗိုလ်၊ ပိုင်ဖြိုးသုနဲ့ Mary တို့ကပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားမှုတွေကိုလည်း ပြောပြခဲ့ကြပါသေးတယ်။

‘’အဟောင်း’’ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားမှုတွေကိုလည်း ပါဝင်ထားတဲ့ အနုပညာရှင်တွေက ပြောပြလာပါတယ်။



ကျော်ကျော်ဗိုကတော့ ‘’အဟောင်း’’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပိုင်ဖြိုးသုနဲ့ တွဲဖက်ပြီး သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်လို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ဒီဇာတ်က ပရိသတ်အတွက် တကယ်ကိုရင်ခုန်ပြီးတော့ စိတ်လှုပ်ရှားရမယ်။ ပြီးရင် နည်းနည်းလေး ထိတ်လန့်သည်းဖိုလေးတွေပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ကာရိုက်တာက ကျွန်တော်နဲ့ ပိုင်ဖြိုးသုနဲ့က သမီးရည်းစား လင်မယားပေါ့နော်။ ကျန်တာလေးတွေကတော့ ပြောပြလို့ မရသေးပါဘူး’’ ဆိုပြီးတော့ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက ‘’အဟောင်း’’ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

အဆိုတော် Mary ကိုတော့ ‘’အဟောင်း’’ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပထမဆုံး မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ဖို့အတွက် လက်ခံဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ ဒီဇာတ်ကားကတော့ မေရီအတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကားပေါ့နော်။ ပရိသတ် မထင်ထားတဲ့ ကာရိုက်တာလေးနဲ့ ထွက်လာဖို့ အစီအစဉ်ရှိပါတယ်။ အရင်တုန်းက ကမ်းလှမ်းခဲ့တဲ့ ဇာတ်ကားတွေရှိတယ် အဲဒီတုန်းက လက်မခံဖြစ်တာက မေရီ့အတွက် သရုပ်ဆောင်ဖို့ အဆင်သင့်မဖြစ်သေးဘူး။ ဒီဇာတ်ကားရဲ့ ထုတ်လုပ်သူကလည်း MTV တစ်ခုမှ မေရီသရုပ်ဆောင်တာကို တွေ့ပြီး သဘောကျလို့ လာကမ်းလှမ်းတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်မှု တစ်ခုအနေနဲ့ လက်ခံဖြစ်လိုက်တာပါ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

‘’အဟောင်း’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပိုင်ဖြိုးသုကလည်း ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ လျှို့ဝှက်သည်းဖို ဇာတ်ကားမရိုက်တာ ကြာပြီလို့လည်း သူက ပြောပါတယ်။

‘’ သုသု 3 Girls ရုပ်ရှင်ဇာတ်ကားရိုက်ပြီးတော့ ထိတ်လန့်သည်းဖို ဇာတ်ကားတွေ မရိုက်ဖြစ်တာ ကြာပြီ။ အခုမှ ပြန်ရိုက်တာ ပထမပါပဲ။ အဟောင်း ဇာတ်ကားက လျှို့ဝှက်သည်းဖို ထိတ်လန့်ဖွယ်ရာ ဇာတ်ကားပေါ့နော်။ ပြီးတော့ ဇာတ်ကလည်း ဆန်းတယ်လေ။ ငယ်ငယ်တုန်းကတော့ သရဲကားရိုက်ခဲ့တာ များတယ်’’ လို့ သူကဆိုပါတယ်။

အဟောင်း ရုပ်ရှင်ဇာတ်ကားကို Golden Hour ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ သီဟစိုးက ရိုက်ကူးပုံဖော်သွားမှာပါ။ ဒီဇာတ်ကားထဲမှာ အဓိက ဇာတ်ဆောင်တွေအနေနဲ့ ကျော်ကျော်ဗိုလ်၊ ပိုင်ဖြိုးသု၊ အောင်ရဲထိုက်၊ Mary ၊ မြင်စိုင်းသား အောင်အောင်၊ ဒေါ်ထက်မြတ်မြတ်ဌေး တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို နိုဝင်ဘာလ ၁၇ ရက်နေ့က စပြီး ကလောမြို့မှာ တစ်လအကြာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က